ဦးဖြိုးကိုကိုတင့်ဆန်းအမှု ဖမ်းဆီးထားသူ ၁၂ဦးရှိ
2017.10.17

အရင်အစိုးရဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း ကို မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ဖမ်းဆီးရမိတဲ့ကိစ္စမှာ နောက်ဆက်တွဲအဖြစ် လူငါးဦးကို ထပ်မံစစ်ဆေးနေပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားသူ ၁၂ ဦးရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။
နေပြည်တော်မှာ ဒီကနေ့စတင်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကျနော်တို့တော့ ဒီ တရားခံတွေ စစ်ဆေးလို့ရတဲ့အချက်တွေကနေ ကွင်းဆက်တရားခံတွေ ဆက်လက် ဖော်ထုတ်ပြီးတော့ လက်နက်တွေ ဆက်လက်ပြီး ဖော်ထုတ် သိမ်းဆည်းလျက်ရှိပါတယ်။ ပထမနေ့မှာတော့ ကျနော်တို့ အားလုံးပေါင်း ၁၃ လက် သိမ်းဆည်းပြီး ဖြစ်ပါတယ်။ ဒီကနေ့တော့ ကျနော်တို့ လက်နက် ၈ လက် ထပ်မံပြီး သိမ်းဆည်းရမိပါတယ်။ ဒီကနေ့ထိတော့ တရားခံ ၁၂ ယောက် ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ ကွင်းဆက်တရားခံတွေလည်း ဆက်လက်ဖော်ထုတ်နေပါတယ်။ ရရှိတဲ့ အခြေအနေအားလုံးလည်း ကျနော်တို့ သတင်းဆက်လက်ပြီး ထုတ်ပြန်ပေးပါ့မယ်"
လက်ရှိအချိန်မှာ အမှုတွေစိစစ်ဆဲဖြစ်တဲ့အတွက် သုံးသပ်ချက်တွေ ပြောဖို့ အချိန်ယူရဦးမယ်လို့လည်း ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ ကွင်းဆက်တရားခံတွေနဲ့ ကျန်ရှိနေတဲ့ လက်နက်တွေအားလုံး ဖမ်းမိဖို့ဟာ အရေးကြီး ဆုံးဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ချက်အားလုံးကို ပြည်ထောင်စုအစိုးရကို တင်ပြဆောင် ရွက်နေတယ်လို့ ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။
အောက်တိုဘာလ ၁၅ရက်နေ့ညက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ဦးကို လက်နက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးပြီးနောက် နေပြည်တော်က ACE ဟိုတယ်မှာ လက်နက်တွေ ထပ်မံစစ်ဆေးတေ့ွရှိခဲ့ပါတယ်။
အဲဒီနောက် မနေ့က ရန်ကုန်တိုင်း သာကေတမြို့နယ်က ACE ကုမ္ပဏီ အဆောက်အအုံနဲ့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ရပ်ကွက်မှာရှိတဲ့ ဦးဖြိုးကိုကိုတင့်ဆန်းရဲ့ နေအိမ်တို့ကိုလည်း ဝင်ရောက်ရှာဖွေရာမှာ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးတွေကို တေ့ွရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဦးဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီရဲ့ ပါတီဝင်အဖြစ် နှုတ်ထွက်သွားတာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။