ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းလိုက်တာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ပေါက်ရေးနဲ့ နိုင်ငံရေးစနစ်သစ်ကို အသွင်ကူးပြောင်းရေး အတွက် အရေးကြီးတဲ့ယန္တရားဖြစ်တာကြောင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ကကြိုဆိုတယ်လို့ ဇွန်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အမျိုးသားတန်းတူရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ အင်အားစုအသီးသီး လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်း ဒီကောင်စီက အရေးပါတယ်လို့ ဆိုပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ပအိုဝ်းပြည်သူတွေနဲ့အတူ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီကလည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင်ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ကလည်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခဲ့တဲ့အပေါ်ကြိုဆိုတယ်လို့ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီလိုဖွဲ့စည်းနိုင်ခဲ့တာဟာ တော်လှန်ရေးကာလအတွင်း ကရင်နီလူမျိုးတွေရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုကို ရဲဝံ့စွာလှမ်းလိုက်တာလို့လည်း ဆိုပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို အဖွဲ့ဝင်ခြောက်ဦးနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ကောင်စီဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ခွန်းဘီထူးတို့က တာဝန်ယူထားပါတယ်။