ရသေ့တောင်မှာ တပ်သားတွေ အဓမ္မပြုကျင့်တာမရှိကြောင်း ပြောထားသူသုံးဦးကို ရဲတပ်ဖွဲ့ ခေါ်စစ်


2020.07.21
sittwe-police-station-622.jpg စစ်တွေမြို့ အမှတ် ၁ ရဲစခန်း။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်ပြီး တပ်မတော်သားတွေ ပြစ်မှုကျူးလွန်တာမရှိကြောင်း ပြောဆိုထားသူ သုံးဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းက ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒီနေ့ခေါ်ယူစစ်ဆေးခံရတဲ့ ကျေးရွာသားတွေဟာ တပ်မတော်သားတွေ ဦးဂါကျေးရွာက ပြန်မထွက်ခင် ကျေးရွာမှာ တပ်မတော်သားတွေ လုယက်ခိုးယူတာ တရားမဲ့ပြုကျင့်တာမျိုးလုပ်တာ ရှိ၊ မရှိ တပ်မတော်က ဗီဒီယို မှတ်တမ်းယူသွားသူတွေ ဖြစ်ပါတယ်။

အဲဒီလို မေးမြန်းခံရချိန်မှာ လက်နက်ကိုင်တပ်သားတွေအနားမှာ ရှိနေတဲ့အတွက် ကျေးရွာသားတွေက ကြောက်ရွံ့ပြီး ဘာမှလုပ်တာမရှိပါဘူးဆိုပြီး ပြန်လည်ဖြေဆိုခဲ့တယ်လို့ အသက်အန္တရာယ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီမှာ မှတ်ပုံတင်စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တာလို့ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားတဲ့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။ အဓမ္မပြုကျင့်သူတွေရဲ့ အင်္ကျီလက်မောင်းမှာ အမှတ် ၂၂ လို့ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အမှုကိစ္စနဲ့ ပတ်သက်ပြီး စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ဇူလိုင်လ ၆ ရက်နေ့ကလည်း စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့ရုံးမှာ အဓ္ဓမပြုကျင့်ခံရကြောင်း တိုင်ကြားသူ မိသားစုဝင် သုံးဦးကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ခေါ်ယူမေးမြန်းတာတွေလည်း ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။