နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရုပ်သိမ်းဖို့ NUG တိုက်တွန်း
2024.02.10

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ရုပ်သိမ်းတာ၊ ပါတီဝင်တွေအနေနဲ့ ပါတီကနေ နှုတ်ထွက်တာတွေလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က တိုက်တွန်းလိုက်ပါတယ်။
စစ်ခေါင်းဆောင်ဟာ တရားမဝင်ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေကိုအသုံးပြုပြီး နိုင်ငံရေးပါတီတွေနဲ့ ပါတီဝင်တွေကို အသုံးချနေတာလို့ NUG နဲ့ NUCC ပူးပေါင်းဖွဲ့ထားတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းကော်မတီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
စစ်ခေါင်းဆောင်က ဒီနှစ်အောက်တိုဘာလမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ပြီးနောက် ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောထားပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ အတိအလင်းပြောတာမရှိသေးပါဘူး။
NUG ရဲ့ ပြည်ထောင်စုလွှတ်တော်ကတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမပေါ်ပေါက်မချင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေက ရွေးချယ်လိုက်လို့ အနိုင်ရခဲ့သူတွေက လွှတ်တော်ကိုယ်စားလှယ်တာဝန်တွေကို ထမ်းဆောင်သွားမယ်လို့ အခုဖေဖော်ဝါရီလဆန်းမှာ ပြောထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးရှိနေပါပြီ။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြန်လည်မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းက ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေထဲက တချို့အချက်အလက်တွေကို ဇန်နဝါရီလကုန်ပိုင်းမှာ ဖြေလျှော့ပေးခဲ့ပါတယ်။