ကလေးမှာ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား နှစ်ဦး ပြန်လည်ဖမ်းဆီးခံရ
2024.11.04
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ကိုစည်သူနောင်နဲ့ ကိုဇော်မင်းထက်တို့ နှစ်ဦးကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်အရေးယူထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြောပါတယ်။
သူတို့နှစ်ဦးကို လွှတ်ပေးပြီး ထောင်အပြင်ကို ရောက်ရောက်ချင်းမှာပဲ ရဲနဲ့ စစ်တပ်က တိုင်ကြားသူတွေ ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြန်လည်ဖမ်းဆီးခဲ့တာလို့ အကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ထောင်က လွတ်ရက်စေ့လို့ ပြန်လွတ်လာတာ၊ ထောင်ကနေ လွှတ်ပြီးတော့ ရဲတွေ၊ စစ်သားတွေက ထောင်ပြင်ကနေ ပြန်ဖမ်းသွားတာ။ ထောင်သားအသစ် ဖြစ်သွားတာပေါ့။ အထဲမှာ ရှိနေတုန်း အမှုထပ်မတပ်ဘဲနဲ့လွတ်မှ တပ်တာဆိုတော့ အဆောင်တွေ၊ အိပ်ယာတွေအတွက် ငွေကြေး ပြန်ကုန်ရတာပေါ့။ သက်သက်လုပ်တာပေါ့”
စစ်ကောင်စီက အကျဉ်းထောင်တွေမှာ ကိုဗစ်ကပ်ရောဂါ ကင်းစင်ကြောင်း မကြေညာသေးတာကြောင့် ထောင်သားအသစ်တွေဟာ ခြေကျင်းနဲ့ တစ်လနေရသလို ထောင်အတွင်း ဝင်ဝင်ချင်းမှာ နှစ်ပတ်တိုက်ပိတ်ပြီး ကွာရန်တင်း (Quarantine) အဖြစ် သီးသန့်ထားရှိတယ်လို့ သူက ဆိုပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရတဲ့ ကိုစည်သူနောင်ဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပေမဲ့ စစ်တပ်နဲ့ ရဲက ပြန်လည်ဖမ်းဆီးပြီးနောက် ကလေးမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ထပ်မံအရေးယူခံရတာလို့ ဆိုပါတယ်။
အလားတူ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်ချမှတ်ခံခဲ့ရတဲ့ ကိုဇော်မင်းထက်ဟာလည်း စက်တင်ဘာလ ၂၅ ရက်နေ့မှာ လွတ်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီတပ်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အဲဒီနောက် ကိုဇော်မင်းထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည )၊ ၅၂ (က) နဲ့ အမှုထပ်ဖွင့်ပြီး အကျဉ်းထောင်ထဲ ပြန်ပို့ထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး နိုင်ငံတစ်ဝန်းမှာ လူပေါင်း နှစ်သောင်းကျော် ( ၂၁၀၇၈ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။