လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတချို့ ဆက်လက်ဖမ်းဆီးခံထားရကြောင်း PPNM ပြော
2025.01.14
စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးခန့်ကို ရွှေဘိုမြို့မရဲစခန်းက ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပြောပါတယ်။
အခု ဇန်နဝါရီလအတွင်း ပြန်လည်လွတ်မြောက်လာသူ ဆယ်ဦးခန့်၊ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ လွတ်မြောက်လာသူ ငါးဦးခန့် စုစုပေါင်း ၁၅ ဦးခန့်ကို ထောင်ဗူး၀မှာ ပြန်လည်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဆက်လက်ဖမ်းဆီးခံထားရသူတွေကို မိသားစုထံ အမြန်ဆုံးပြန်ပို့ပေးဖို့ တောင်းဆိုတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးပြီး ကာလတစ်ခုအထိ အကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဆီကို ပို့ဆောင်ပေးရမှာက အကျဉ်းဦးစီးဌာနမှာရော၊ ရဲတပ်ဖွဲ့မှာရော တာဝန်ရှိပါတယ်။ မိသားစုဆီ ပြန်မပို့ဘဲ အခုလို ဆက်လက်ထိန်းသိမ်းထားတာဟာ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို များစွာချိုးဖောက်ခံနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်”
ဆက်လက်ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ လုံခြုံရေးအခြေအနေကြောင့် PPNM က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၄ ရက်နေ့က နိုင်ငံတစ်ဝန်း လွတ်ငြိမ်းသက်သာခွင့် အမိန့်မှာ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းချခံထားရသူ ခြောက်ရာခန့်ကိုပါ လွှတ်ပေးမယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ပေမဲ့ အမှန်တကယ် လွတ်လာသူဟာ ၃၄၄ ဦးသာရှိတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။