နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော
2013.02.21
သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို လက်ခံပြီး၊ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းလိုက်တာကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
မနေ့က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့တာပါ။
"နိုင်ငံရေး အကျဉ်းသားဆိုတာ လက်ခံဖို့က နှစ် ၂၀ လောက်ကတည်းက နိုင်ငံရေးအကျဉ်းသားတွေ ရှိတယ်ဆိုတာ စပြီးလက်ခံရမှာပေါ့လေ၊ ဘာပဲပြောပြော အခုလက်ခံတယ်ဆိုတာ ကောင်းပါတယ်၊ စာရင်းတွေက တစ်ခုနဲ့ တစ်ခုမတူဘူ၊ အမေရိကန်ပြည်ထောင်စုက လုပ်ထားတဲ့ စာရင်းကလည်း နည်းနည်းတော့ ကွာနေတယ်"
အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်လွှတ်ပေးဖို့အတွက် လက်ကျန် နိုင်ရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖေါ်ဝါရီလ (၇) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
စိစစ်ရေးကော်မတီအနေနဲ့ နိုင်ငံရေး အကျဉ်းသားအပေါ် အဓိပ္ပါယ်ဖွင့်ဆိုရေး၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲရေး၊ လက်ရှိ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်လွှတ်ပေးရေးအတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။