သားကိုယ်စား ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး

RFA Burmese
2024.11.01
သားကိုယ်စား ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ဦး သေဆုံး ညောင်ဦးမြို့တွင်း တစ်နေရာအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်​နေ့က ​တွေ့ရစဥ်။
Photo: RFA

မန္တလေးတိုင်း ညောင်ဦးထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အသက် ၆၆ နှစ်အရွယ် ဦးဝင်းတင်လေးဟာ ကျန်းမာရေးမကောင်းလို့ ဆေးကုသမှုခံယူနေရင်း အောက်တိုဘာလ ၂၈ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာလို့ ညောင်ဦးဆေးရုံ၊ အဲဒီကတစ်ဆင့် မန္တလေးဆေးရုံကြီးအထိ ရွှေ့ပြောင်းကုသနေစဉ် သေဆုံးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဦးလေးက အသက်ကြီးပြီလေ။ နဂိုကတည်းကလည်း ကျန်းမာရေး အရမ်းဒေါင်ဒေါင်မြည်တဲ့သူ မဟုတ်ဘူး။ ထောင်ထဲရောက်တော့ ပိုဆိုးတာပေါ့။ ညောင်ဦး ဆေးရုံကို အရင်တင်ထားတာ နောက်တော့ မန္တလေးဆေးရုံးကြီး ပြန်ပြောင်းတင်တယ်။ အဲမှာ ဆုံးသွားတာပဲ။ မိသားစုတွေကတော့ ဦးလေးရဲ့ နေဝင်ချိန်မှာ ပင်ပင်ပန်းပန်း ထောင်ထဲမှာနေခဲ့ရတာကိုပဲ စိတ်မကောင်းဖြစ်တာ တစ်ခုပါပဲ”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း ဦးဝင်းတင်လေး သေဆုံးကြောင်းကို RFA ကို အတည်ပြုပြောပါတယ်။

“ဒီကိစ္စကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သေဆုံးမှုကို အတည်ပြုနိုင်ပါတယ်ခင်ဗျ”

ဦးဝင်းတင်လေးဟာ ကျောက်ပန်းတောင်းမြို့နယ် ရှားတောရွာဇာတိဖြစ်ပြီး သားဖြစ်သူကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးချိန် သားဖြစ်သူ ရှိမနေတာကြောင့် ဦးဝင်တင်းလေးကို ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အဲဒီနောက် ၂၀၂၂ ခုနှစ် မေလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၂ (က) နဲ့ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီ ဖမ်းဆီးထောင်ချခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း အကျဉ်းထောင်တွင်း ကျန်းမာရေးဆိုးရွားလာလို့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရစဉ် အောက်တိုဘာလ ၇ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။