နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်နှိပ်စက်ခံရတဲ့ မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦး သေဆုံးသွားကြောင်း မြင်းခြံမြို့နယ်ရဲစခန်းက မိသားစုကို ဇူလိုင်လ ၂ ရက်နေ့က အကြောင်းကြားလာတယ်လို့ သေဆုံးသူရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သေဆုံးသူကတော့ နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် မြင်းခြံမြို့နယ် မကျီးစုရွာသား ကိုစိန်ဝင်း ဖြစ်ပါတယ်။
ကိုစိန်ဝင်း အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားကြောင်း ထောင်အာဏာပိုင်တွေက မိသားစုကို အကြောင်းကြားခဲ့ပေမယ့် ရုပ်အလောင်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။
“ဇူလိုင် ၂ ရက်နေ့မှာ အကြောင်းကြားတော့ ရင်ခွဲရုံကို သွားရတာ။ သူက သန်သန်မာမာကြီးကနေ ဖြစ်သွားတာ။ အလောင်းကိုတော့ မြင်ခဲ့ရတယ်။ လက်မောင်းတွေ လည်ပင်းတွေမှာ ညိုမည်းဒဏ်ရာတွေ တွေ့ရတယ်”
ရုပ်အလောင်းကို မိသားစုက ပြန်လည်သယ်ယူခွင့်မရဘဲ အာဏာပိုင်တွေက သူတို့အစီအစဉ်နဲ့ပဲ ရင်ခွဲရုံကနေ ထုတ်ယူသင်္ဂြိုဟ်လိုက်တယ်လို့ သူက ပြောပါတယ်။
မြင်းခြံအကျဉ်းထောင်မှာ ၂၀၂၃ မေလ ၂၁ ရက်နေ့ကစလို့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး မြင်းခြံမြို့ ခမရ (၁၅) စစ်တပ် စစ်ကြောရေးစခန်းကို ခေါ်ထုတ်နှိပ်စက်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းမှုတွေ ဆက်ရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဇွန်လ ၃၀ ရက် ညပိုင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့တွေမှာတော့ ထောင်ပြင်ခေါ်ထုတ် နှိပ်စက်ခံရတဲ့ အကျဉ်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို သရက်ထောင်နဲ့ မကွေးထောင်တွေကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လက်ရှိ မြင်းခြံအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ကိုးရာကျော် အကျဉ်းချခံထားရပါတယ်။
၂၀၂၃ ခုနှစ် မေလနဲ့ ဇွန်လအတွင်း မြင်းခြံထောင်၊ ဒိုက်ဦးထောင်နဲ့ သာယာဝတီ ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်စစ်ဆေးခံရလို့ တချို့ သေဆုံးခဲ့သလို၊ တချို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၃ ရက်ထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၉,၃၁၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၆,၆၄၅ ဦး ထောင်မိန့်တွေ ချမှတ်ခံထားရပါတယ်။