ထောင်တွင်းမှာ ကလေးနဲ့အတူရှိတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ခန့်ရှိနေ

RFA Burmese
2024.12.31
ထောင်တွင်းမှာ ကလေးနဲ့အတူရှိတဲ့ နိုင်ငံရေးအကျဉ်းသူ လေးဆယ်ခန့်ရှိနေ မန္တလေး၊ အိုးဘိုအကျဉ်းထောင်ကို ၂၀၁၉ ခုနှစ်၊ မေလ ၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ ကလေးနဲ့ အတူရှိနေတဲ့ ကလေးမိခင် နိုင်ငံရေးအကျဉ်းသူ ၃၅ ဦးနဲ့ ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦး စုစုပေါင်း ၄၂ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီဇင်ဘာလ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ နှစ်ချုပ်အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

အာဏာသိမ်းကာလ စစ်ကောင်စီတပ်က ဖမ်းဆီးချိန် ကိုယ်ဝန်ဆောင်အဖြစ် သိလျက်နဲ့ ဖမ်းဆီးခံရတာ၊ တချို့နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်တွင်းရောက်ရှိချိန်မှ ကိုယ်ဝန်ရှိမှန်း သိရတာကြောင့် အကျဉ်းထောင်တွင်း ကလေးမီးဖွားပြီး ကလေးငယ်နဲ့အတူ ထောင်တွင်းမှာ အကျဉ်းချခံထားရတယ်လို့ ဖော်ပြပါတယ်။

မန္တလေး အိုးဘိုထောင်မှာ ကလေးငယ်နဲ့အတူ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ၂၇ ဦးနဲ့ ကိုယ်ဝန်ဆောင် နိုင်ငံရေးအကျဉ်းသူ ခုနစ်ဦးအထိရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ကလေးငယ်နဲ့အတူ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒိုက်ဦးထောင်မှာ ငါးဦး၊ သာယာ၀တီ၊ မုံရွာနဲ့ ပေါင်းတည်ထောင်မှာ တစ်ဦးစီ ရှိနေတာပါ။

ဒါဟာ PPMN က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းဖြစ်ပြီး ဒီထက်လည်း ပိုးများနိုင်တယ်လို့ ဆိုပါတယ် ။

ကလေးငယ်တွေဟာ အကျဉ်းထောင်တွင်းဖိနှိပ်မှုတွေကို နေ့စဉ်မြင်တွေ့နေရတာကြောင့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“လက်ရှိမှာ ကလေးငယ်တွေဟာ အကျဉ်းထောင်တွေထဲမှာ နေထိုင်ရတဲ့ ကာလမှာ မကောင်းမွန်တဲ့ ထောင်ရဲ့ ဓလေ့စရိုက်တွေပေါ့နော် ဆဲဆိုအော်ဟစ်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရသလို မိမိရဲ့ မိခင်ကို ဖိနှိပ်တာတွေ လည်း ကလေးငယ်တွေက မျက်စိနဲ့ မြင်ကြရပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မိမိရဲ့ ကလေးငယ်ကို ကောင်းမွန် တဲ့ ရပ်ဝန်းမှာ ထားချင်ပေမဲ့ ကိုယ်တိုင်အကျဉ်းကျနေပြီး မိသားစုဆွေမျိုးအသိုင်းအဝိုင်းနဲ့ ဝေးကွာနေတဲ့အခါမှာ ထားရတဲ့ခါ ကလေးငယ်တွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေပါတယ်”

ထောင်တွင်းနေမှာနေထိုင်ရတာကြောင့် ကလေးငယ်တွေအတွက် အာဟာရပြည့်၀မဲ့ အစားအသောက်တွေကို ကျွေးနိုင်ဖို့ လက်လှမ်းမမီဘူးလို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်နဲ့ အတူနေထိုင်ရတဲ့ ကလေးမိခင်တွေကို အမြန်ဆုံး လွှတ်ပေးဖို့ဆိုပြီး နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားနေသူတွေက တောင်းဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

PPNM ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၈၀၀ နီးပါး မိသားစုနဲ့ ဝေးလံတဲ့ ထောင်တွေကို ပြောင်းရွှေ့ခံရပြီး ဆေးကုသခွင့်အပြည့်အ၀မရလို့ သေဆုံးသူ ၂၂ ဦး၊ အကျဉ်းထောင်တွင်းနဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်ခံရသူ ကိုးဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။