ဂန့်ဂေါမှာ နိုင်ငံရေးအမှုနဲ့ အချုပ်ကျနေသူနှစ်ဦး သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဇွန်လ ၁၁ ရက်နေ့က နိုင်ငံရေးအမှုနဲ့ အချုပ်ကျနေသူနှစ်ဦး အပြင်ကို ခေါ်ထုတ်ခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူနှစ်ဦးဟာ ဂန့်ဂေါမြို့ ခင်သာရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၀ ဝန်းကျင် ဦးအောင်မိုးနဲ့ ဦးထွန်းနိုင်တို့နှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၀ ရက်နေ့မှာ အချုပ်ခန်းထဲကနေ ခေါ်ထုတ်သွားပြီးနောက် ဇွန်လ ၁၁ ရက်နေ့မှာ ပျားကျေးရွာနဲ့ ဂန့်ဂေါကြားမှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါ မြို့ခံတစ်ဦးက ပြောပါတယ်။

"သူတို့ကို အချုပ်ကနေ စစ်တပ်ထဲခေါ်သွားတာ။ အဲမှာ တစ်ည ထားသေးတယ်။ နောက်နေ့ နေ့လယ်ပိုင်းမှာ သူတို့ကို ပျားနဲ့ ဂန့်ဂေါကြား ခေါ်သွားပြီး သတ်လိုက်တာ"

သူတို့နှစ်ဦးကို အချုပ်ခန်းထဲကနေ ခေါ်ထုတ်သွားသူတွေဟာ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေလို့ ပြောပါတယ်။ သတ်ဖြတ်ခံရသူနှစ်ဦးရဲ့ ရုပ်အလောင်း တွေကို ဂန့်ဂေါမြို့က ဆေးရုံကို ပို့ဆောင်ပြီး သေမှုသေခင်းအမှုဖွင့်ပေးတယ်လို့လည်း ဂန့်ဂေါမြို့ခံက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

သတ်ဖြတ်ခံရသူနှစ်ဦးဟာ နိုင်ငံရေးလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ဂန့်ဂေါ ရဲစခန်းအချုပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ ဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။