နိုင်ငံရေးအကျဥ်းသား ၁၈၀၀ နီးပါး မိသားစုနဲ့ဝေးလံတဲ့ ထောင်တွေကို ပြောင်းရွှေ့ခံရ
2024.12.31

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၁၇၈၃ ဦးဟာ မူလထားရှိရာ အကျဥ်းထောင်တွေကနေ သူတို့ရဲ့ နေရပ်နဲ့ ဝေးလံတဲ့ အကျဥ်းထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ သာယာဝတီနဲ့ ဒိုက်ဦးထောင်၊ မန္တလေးအိုး ဘိုထောင်ကနေ မကွေးထောင်၊ ဧရာဝတီတိုင်း ဖျာပုံထောင်ကနေ အင်းစိန်နဲ့ သာယာဝတီထောင်၊ ရခိုင်ပြည်နယ် စစ်တွေထောင်ကနေ ပုသိမ်ထောင် စသဖြင့် မိသားစုနဲ့ ဝေးလံတဲ့နေရာတွေကို ပြောင်းရွှေ့ခံရတာလို့ ဆိုပါတယ်။
ဒီအပြင် စစ်ကိုင်းတိုင်း မုံရွာထောင်ကနေ မကွေးထောင်၊ တနင်္သာရီတိုင်း မြိတ်ထောင်ကနေ ကော့သောင်းထောင်၊ မကွေးတိုင်း မကွေးထောင်ကနေ မြင်းခြံထောင်နဲ့ မွန်ပြည်နယ် ကျိုက်မရောထောင်ကနေ ဒိုက်ဦးထောင်တို့ကို ပြောင်းရွှေ့ခံရတာတွေလည်း ရှိခဲ့တယ်လို့ PPNM က ပြောပါတယ်။
ဒီလိုလုပ်ဆောင်တာကြောင့် မိသားစုဝင်တွေ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တွေ့ဆုံခွင့် အခွင့်အရေး ပိုနည်းသွားပြီး ထောင်ဝင်စာ ပို့နိုင်ရေးမှာလည်း အခက်အခဲမျိုးစုံ ကြုံရတယ်လို့ PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“မိမိရဲ့နေထိုင်ရာမြို့မှာ အကျဥ်းကျတဲ့ မိသားစုဝင်ကိုတောင် ထောင်ဝင်စာပို့ဖို့ အခက်အခဲဖြစ်နေတဲ့အချိန်မှာ မိသားစုနဲ့ ဝေးလံတဲ့ထောင်တွေကို ပို့လိုက်ခြင်းအားဖြင့် တစ်လတစ်ကြိမ် ပါဆယ်ပို့နိုင်တဲ့ မိသားစုတောင်မှ သုံးလတစ်ကြိမ်ပဲ ပို့နိုင်တဲ့အခြေအနေဖြစ်တယ်။ သွားဖို့ဆိုလည်း လမ်းစရိတ် နေထိုင်စားရိတ်တွေပါ ရှာကြရတယ်။ ဝေးသွားတဲ့အတွက် ပိုပြီး ကျန်းမာရေးကအစ စိုးရိမ်ပူပန်ရတယ်”
စစ်ကောင်စီ အကျဥ်းဦးစီးဌာနက လူဦးရေ များပြားလို့ ပြောင်းရွှေ့တယ်လို့ အကြောင်းပြချက်ပေးပေမဲ့ ပြောင်းရွှေ့လိုက်တဲ့ အကျဥ်းထောင်တွေမှာလည်း သတ်မှတ်လူဦးရေ ကျော်လွန်ပြီးသား ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
အခုလို ထောင်ပြောင်းရွှေ့တာတွေဟာ နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ ထောင်တွင်း ဖိနှိပ်မှုတွေကို ဆန့်ကျင်မှုတွေ မလုပ်နိုင်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ နိုင်ငံရေးအကျဥ်းသားဟောင်းတချို့က ပြောပါတယ်။
ဒီအပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ဖမ်းဆီးခံရချိန်၊ စစ်ကြောရေးစခန်းတွေကို ရောက်ရှိချိန်နဲ့ အကျဥ်းထောင်၊ အချုပ်ထောင်တွင်း ရောက်ရှိချိန်တွေအထိ ညှင်းပန်းနှိပ်စက်ခံရတာတွေ အပါအဝင် လူ့ဂုဏ်သိက္ခာကို ငြိုးနွမ်းထိခိုက်စေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ခံနေရတယ်လို့ PPNM က ပြောပါတယ်။
PPNM ရဲ့စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရလို့ သေဆုံးတဲ့ ၂၂ ဦးနဲ့ အကျဥ်းထောင်တွင်းနဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်ခံရသူ ကိုးဦး စုစုပေါင်း နိုင်ငံရေးအကျဥ်းသား ၃၁ ဦး သေဆုံးခဲ့ပါတယ်။