မုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဆင်သည် ရွာလုံးကျွတ်နီးပါး ပျက်စီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသက ဆင်သည်ရွာမှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတယ်လို့ ရွာသားတွေက RFA ကို ပြောပါတယ်။

အိမ်ခြေ ၅၃၅ အိမ်ရှိတဲ့ထဲက နေအိမ် ၄၉၄ အိမ် ပျက်စီးသွားခဲ့တာဖြစ်ပြီး နေအိမ် ၄၁ အိမ်ကတော့ ရစရာမရှိအောင် ပြိုပျက်သွားခဲ့တာလို့ဆိုပါတယ်။

လက်ရှိမှာတော့ ရွာသား ၂၀၀ ကျော်ဟာ နေစရာအိမ်မရှိတော့တာကြောင့် စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေမှာ ခိုကပ်နေကြရပါတယ်။

အဲဒီတောဖျားချောင်းဒေသဟာ အရင်ကတည်းက အင်တာနက်၊ ဖုန်းလိုင်းတွေ မရှိတဲ့ဒေသဖြစ်သလို မြို့နဲ့ အလှမ်းဝေးတာကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

ဒေသခံတွေဟာ တောတောင်တွေ၊ ဥယျာဉ်ခင်းနဲ့ ကွမ်းစိုက်ပျိုးတာကို အဓိကမှီခို စားသောက်နေရတာဖြစ်ပြီး မိုခါမုန်တိုင်းကြောင့် အကုန်လုံးပျက်စီးသွားတာကြောင့် နေအိမ်တွေပြန်လည် ပြုပြင်ရေးအပြင် ဘဝရပ်တည်ရေးပါ ခက်ခဲသွားပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒါကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် စားနှပ်ရိက္ခာတွေ၊ အမိုးအခါတွေ၊ ဆေးဝါးတွေစတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အလားတူပဲ အဲဒီတောဖျားချောင်းဒေသမှာရှိတဲ့ ပိုးရွှီပြင်၊ ဩရမ၊ သက်ကျိုင်းတောင်၊ ပေါက်တောပြင်၊ ခနောင်းကြီး၊ သင်ပုန်းတန်းစတဲ့ ကျေးရွာတွေနဲ့ တခြားရွာတွေမှာလည်း မုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီးသွားပြီး အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။