မိုခါဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ပြည်သူတွေကို အကူအညီပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။
အရင်ကတည်းက မရေရာမသေချာတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူရှစ်သိန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ မေလ ၂၈ ရက်နေ့ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့တာပါ။
ကိုယ့်ညီအစ်ကို မောင်နှမတွေလို့ သဘောထားပြီး လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် ဝိုင်းလှူကြဖို့နဲ့ အာဏာပိုင်တွေအနေနဲ့လည်း အဲဒီအကူအညီတွေ အရောက်ပို့နိုင်ရေး ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဦးတည်ဝင်ရောက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းကြောင့် လူပေါင်း ၄ဝဝ ကျော်သေဆုံးပြီး အပျက်အစီးအများအပြားရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲ ရိုဟင်ဂျာတွေ အများဆုံးဖြစ်ပါတယ်။
မုန်တိုင်းသင့်ဒေသ စစ်တွေကို သွားရောက်နေတဲ့ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးမစ္စတာ ရာမနသန် ဘလာခရစ်ရှ်နန်ကလည်း အကူအညီလိုအပ်နေသူတွေ အများကြီးကျန်သေးပြီး အဲဒီသူတွေဆီ အရောက်သွားလာခွင့်ရဖို့ လိုတယ်လို့ မနေ့က ပြောဆိုပါတယ်။ အမိုးအကာ၊ ရေသန့်ရှင်းရေးနဲ့ စားနပ်ရိက္ခာ အဓိကလိုနေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေကို ကူညီမယ့် နိုင်ငံတကာအဖွဲ့တွေကို စစ်ကောင်စီဘက်က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာခွင့်ပေးဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။
မုန်တိုင်းသင့်သူတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၃၃၃ သန်းလိုတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။