ဆင်းရဲမွဲတေမှုအဆင့် ၁၆ ရာခိုင်နှှုန်းအထိ မြန်မာလျှော့မည်
2014.05.20

လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအဆင့်ကို ၁၀% ကနေ ၁၆% အထိလျှော့ချဖို့ ရည်ရွယ်ထားတယ် လို့ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောဆိုကြောင်း Channel News Asia သတင်း ကဖေါ်ပြပါတယ်။
ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ပြောကြားခဲ့တာပါ။
ပြည်သူအများစုရဲ့ လက်ရှိတစ်နေ့ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၂ ဒေါ်လာသာရှိနေတဲ့အခြေအနေ ကို ပြောင်းလဲဖို့အတွက် အစိုးရအနေနဲ့ အသေးစား လုပ်ငန်းချေးငွေစတဲ့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်သွား မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တစ်နှစ်အတွင်း ဆင်းရဲမွဲတေမှု အဆင့်ကို ၁၆% အထိ ကျဆင်းအောင်ဆောင်ရွက်မယ်ဆိုတာဟာ ရည်မှန်းချက်ကြီးလွန်းရာကျနေပေမဲ့၊ အစိုးရကတော့ အားလုံး ဦးတည်ဆောင်ရွက်ရမယ့် အချိန်ဇယားတစ်ရပ်ရေးဆွဲဖို့ ပြင်ဆင်နေကြောင်း Channel News Asia သတင်းက ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်းများအသင်း ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေးကလည်း ရည်မှန်းချက်ဆိုတာ ချမှတ်ပြီးတာနဲ့ ကျေနပ်နှစ်သိမ့်နေဖို့မဟုတ်ဘဲ၊ ပြီးမြောက်အောင်မြင်ဖို့ဖြစ်ကြောင်း ၊ ချေးငွေတွေကို သင့်တော်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုနိုင်ရေးအတွက် သင့်တော်ကောင်းမွန်တဲ့ အခြေခံတစ်ရပ်ရှိရမှာဖြစ်ပြီး၊ ဝင်ငွေတိုးပွားလာနိုင်တဲ့ နည်းလမ်းတွေ၊ သက်မွေးဝမ်းကျောင်းသင်တန်းတွေ၊ ပညာရေးတွေ နဲ့ လူတွေကို နယ်ပယ်အသီးသီးမှာ လေ့ကျင့်သင်ကြား ပြုစုမြေတောင်မြှောက်ပေးရ မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၆၀% ဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာရှိနေပါတယ်။ ကုလသမဂ္ဂ အလိုအရ အရှေ့တောင်အာရှဒေသရဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။