အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်ပေါင်း ၇၅၀ တက်ရောက် မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ နေပြည်တော်မှာ ၅ရက်ကြာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
နောင်အစိုးရလက်ထက်မှာ နိုင်ငံရေးအခြေခံ အုတ်မြစ်ကောင်းတွေ ချမှတ်ဖို့ ရည်ရွည်ချက်နဲ့ ညီလာခံကို ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။
"အခုလက်ရှိနိုင်ငံရေးဆွေးနွေးပွဲပေါ့၊ ကျနော်တို့ ညှိနှိုင်းနေတာကတော့ ငြိမ်းချမ်းရေးညီလာခံကို အဖြစ်မလုပ်ဘူး၊ တကယ့်ကို အခြေခံအုတ်မြစ်တွေချပေးတဲ့ အနေအထားမျိုး ကျနော်တို့လုပ်မယ်၊ ဒါကိုလည်း အောင်မြင်အောင် ကြိုးစားမယ်၊ ပြီးတော့ ၁၂ ရက်နေ့က ၁၆ ရက်နေ့အထိ ငါးရက်လုပ်မယ်ဆိုတာကို ဦးအောင်မင်း ကပြောတယ်၊ အားလုံးကသဘောတူပါတယ်၊ နောက်တစ်ခုက လက်မှတ်ရေးထိုးခြင်းမရှိတဲ့ တိုင်းရင်းသား ၁ဝ ဖွဲ့ကို ဖိတ်ကြား ဖို့လည်း သဘောတူတယ်"
အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးထားတဲ့ UWSA "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ KIA ကချင်လွတ်မြောက်ရေးအဖွဲ့၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကို တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
အဲဒီအထဲက "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်း ကတော့ ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဖိတ်ကြားခံထားရတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသားအဖွဲ့တွေ ကလည်း အဖွဲ့ဝင်တွေ ဆွေးနွေးပြီးမှ ညီလာခံတက်ဖို့ မတက်ဖို့ကို ဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။
အဲဒီညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတအရေး၊ ကာကွယ်ရေးနဲ့ အထွေထွေ အကြောင်းအရာများဆိုတဲ့ ခေါင်းစဉ် ၅ ခုနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ MNDAA ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ ၊ AA ရခိုင့်တပ်မတော်နဲ့ TNLA တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် တို့ကို ဖိတ်ကြားထားခြင်း မရှိဘူးလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အားလုံးပါဝင်ပြီး တကယ်ထိရောက်တဲ့ ငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပဖို့ ဆုံးဖြတ်ထားတယ် လို့ ပြောဆိုထားပါတယ်။