မြန်မာနှစ်သစ်ကူးနေ့ အကျဉ်းသား နှစ်သောင်းကျော် လွတ်ငြိမ်း သက်သာခွင့်ရ

သီဟထွန်း၊ သန့်ဇင်ဦး၊ မင်းသိန်းအောင်၊ ကံသာ၊ ခေမဏီဝင်း၊ အဲလိဇဘက်ဂျန်မာ
2020.04.17

နိုင်ငံတော်သမ္မတလွှတ်ပေးတဲ့ မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် လွတ်ငြိမ်းသက်သာခွင့်အရ အကျဉ်းသား နှစ်သောင်းကျော်ထဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်လာ ပါတယ်။

နိုင်ငံတော်သမ္မတက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဧပြီလ ၁၇ ရက် ဒီကနေ့မှာ အကျဉ်းထောင်အသီးအသီးက အကျဉ်းသား ၂၄၈၉၆ ယောက်ကို လွှတ်မိန့်ပေးလိုက်သလို တချို့အကျဉ်သားတွေကိုတော့ နှစ်လျှော့ပေးခဲ့ပါတယ်။

ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ပေမယ့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ နိုင်ငံတော်ပုန်ကန်မှု‌တွေနဲ့ ထောင်ချခံထားရတဲ့ ANP ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်နဲ့ စာ‌ရေးဆရာ ဝေဟင်အောင်တို့ မပါဝင်ပါဘူး။

ထောင်ဒဏ်နှစ် ၄၀ နဲ့‌အောက် ထောင်ကျနေသူတွေကို ထောင်ဒဏ်ရဲ့ လေးပုံ တစ်ပုံ လျှော့ပေးတာကြောင့် နှစ် ၂၀ ကနေ ၁၅ နှစ်အထိပဲဖြစ်သွားပါတယ်။

ဒေါက်တာအေးမောင်ရဲ့သားဖြစ်သူ ဦးတင်မောင်ဝင်းက ဥပဒေဟာ ဥပဒေအတိုင်း မရှိတော့တဲ့အတွက် မျှော်လင့်စရာမရှိဘူးလို့ ပြောပါတယ်။

"အဲတာတွေ ကျွန်တော်တို့သိပ်မသိဘူး၊ ကျွန်တော်က စစ်တွေမှာပဲရှိနေတာ၊ လွတ်ငြိမ်းချမ်းသားထဲမှာပါမယ်ဆို ဖုန်းဆက်လာလိမ့်မယ်လေ၊ ကျွန်တော်တို့တော့ မျှော်ကိုမမျှော်တော့တာ မျှော်လင့်ချက်တော့ ထားတော့ထား တာပေါ့၊ ဒါပေမဲ့ သူတို့လွှတ်ပေးမှ ဥပဒေဆိုတာ မရှိတော့တဲ့အတိုင်းဖြစ်နေတာဆိုတော့၊ နိုင်ငံက ဥပဒေဟာ ဥပဒေအတိုင်းမရှိတဲ့ဟာမှာ မျှော်လင့်စရာလည်း မရှိတော့ဘူးပေါ့၊ ဒီနိုင်ငံရေးက အကုန်ပျက်ဆီးနေတာ ဒီအစိုးရလုပ်မှ ပိုပျက်ဆီးနေတယ်၊ အဲတာပါပဲ။"

သူတို့နှစ်ယောက်ကို ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် အနှစ် ၂၀ ကို တစ်ပေါင်းတည်း နှစ် ၂၀ ကျခံဖို့ အမိန့်ချခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို အကျဉ်သားစာရင်းနဲ့တကွ ပေးပို့တောင်းဆိုထားခဲ့တာပါ။

ဒီနေ့လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်သွယ်နေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် ကပြောပါတယ်။

"ကျွန်တော်တို့ကလည်း သူ့တို့မိသားစုတွေနဲ့ တတ်နိုင်သမျှ ဆက်သွယ်နေတုန်းရှိပါသေးတယ်၊ သူတို့မိသားစု လက်ထဲကို ပြန်ရောက်ပြီဆိုရင်တော့ ကျွန်တော်တို့လည်းသိနိုင်မှာပါ၊ ဘယ်အချိန်လဲဆိုတာတော့ လွှတ်ပေးမယ့် အချိန်ပေါ်မှာ မူတည်ပါတယ်၊ ဒီနေ့တစ်ရက်ထဲနဲတောင် လွှတ်တာက ပြတ်ပါ့မလား ဒါကလည်းစဉ်းစားစရာ ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်ကလည်း အခုလိုအချိန်မှာ စနစ်တကျစီစဉ်နေရတာဖြစ်တယ်၊ နောက်အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်နေရတာဖြစ်တယ် သူတို့ဆီမှာလည်း အခက်အခဲတွေ အများကြီးရှိမှာပါ၊ နိုင်ငံရေးအရထိန်းသိမ်းခံနေရသူတွေ အကုန်လုံးလွှတ်ဖို့ ကျွန်တော်တို့က ပြောဆိုနေတာပါ၊ ဒီအထဲမှာ ဒေါက်တာအေးမောင်တို့ ကိုဝေဟင်အောင်တို့ကတော့ နည်းနည်းခက်မယ့်အထဲမှာပါတယ်ပေါ့လေ အခုရခိုင်မှာလည်း ပြဿနာတက်နေတဲ့အခါကြတော့၊ သူတို့ကိုလည်းလွှတ်ပေးရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တစ်စုံတစ်ရာအထောက်အကူဖြစ်လိမ့်မယ့်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ အစိုးရ စဉ်းစားချက်နဲ့ ကျွန်တော်တို့စဉ်းစားချက်နဲ့ ကွာနိုင်တာတွေရှိမှာပါ။"


နေ့လယ်ပိုင်းအထိ ၁၀ ယောက် လွတ်မြောက်လာပြီဖြစ်ပြီး လျှော့ပေးတဲ့ပုံစံအရ လွတ်နိုင်တဲ့ နိုင်ငံရေး အကျဉ်းသားက ၂၁ ယောက်ခန့်ရှိတယ်လို့ AAPP ထံက သိရပါတယ်။

အလားတူ မန္တလေး၊ မုံရွာနဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ NSCN-K က ခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၁၁ ယောက်လုံး ပြန်လွတ်လာတယ်လို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က RFA ကို ပြောပါတယ်။

"အခုကျွန်တော်တို့ ဆယ့်တစ်ယောက်လုံး ပြန်လွတ်ပါတယ်ခင်ဗျ၊ မန္တလေးမှာ နှစ်ယောက်၊ မုံရွာမှာ တစ်ယောက်၊ ရွှေဘိုမှာ နှစ်ယောက်၊ ခန္တီးမှာ ခြောက်ယောက်ပါခင်ဗျ၊ စစ်ကိုင်းတိုင်းရော မန္တလေးတိုင်းရောနောက်ကျတယ်ဗျ၊ အခုမှပဲကားဂိတ်တွေကို ပို့တုန်းလို့ပြောတယ်ဗျ၊ ကြိုဖို့ဆိုတာ လိုင်းကားတွေကလည်း အကုန်လုံးပိတ်ထားတော့ ဂိတ်တွေနဲ့တော့ ချိတ်ဆက်ပြီးတော့ သူတို့ကိုသီးသန့်တော့ ပြန်ခေါ်ဖို့တော့လုပ်နေတယ်ဗျ၊ ခန္တီးအကျဉ်းထောင် ဆိုရင်လည်း ကျန်တော်တို့နာဂရိုးရာကနေပဲ ဒီခြောက်ယောက်ကိုသွားပြီးမှ တာဝန်ခံပြန်ခေါ်လာပြီး ကျွန်တော် တို့ဆီမှာထားပြီးမှ ပို့ဖို့အစီအစဉ်တွေဘာတွေလည်း ကျွန်တော်တို့ဘာသာပြန်ဆွဲရတာဗျ၊ သူတို့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ နာဂစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီက တင်ထားတယ်ဆိုတော့ ဒီနေ့ ဒီအချိန်မှာတော့ ကိုယ့်လူတွေပါနိုင်တယ်လို့တော့ မျှော်လင့်ခဲ့တာပေါ့ဗျာ။"

ခန္တီးက လွတ်လာသူ ခြောက်ယောက်ကို ကော်မတီက သွားရောက်ကြိုဆိုခဲ့တယ်၊ မုံရွာထောင်က တစ်ယောက်ကို အစိုးရလုံခြုံရေးအဖွဲ့တစ်ခုက သွားရောက်ခေါ်ယူထားပြီး  ရွှေဘိုထောင်က နှစ်ယောက်နဲ့ မန္တလေးထောင်က နှစ်ယောက်တို့ကို ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ယောက်ရှိပြီး အကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရသူ ၁၄၀ ကျော်နဲ့ အကျဉ်းထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ ၄၀၀ နီးပါးရှိပါတယ်။

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၃၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သလို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကလည်း နိုင်ငံခြားသား အကျဉ်းသား ၁၉ ယောက်အပါအဝင် အကျဉ်းသား အားလုံးပေါင်း ၁၅၅၁ ယောက် လွတ်မြောက်လာပါတယ်။

အကျဉ်းသားအားလုံး ရပိုင်ခွင့်တွေ တန်းတူရရှိကြောင်းနဲ့ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ တာဝန်ခံအရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးမျိုးဌေးက RFA ကို ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးခင်ဗျ ကျွန်တော်တို့ထောင်ထဲမှာ၊ အကျဉ်းသားတွေအားလုံး လေးပုံတစ်ပုံ မျှမျှတတရကြပါတယ်ခင်ဗျ၊ အကျဉ်းသားတွေအားလုံး သွားဖို့လာဖို့ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လမ်းကြောင်း လေးကြောင်းဆွဲပြီး အထူးအစီအစဉ်အနေနဲ့ မော်တော်ယာဉ်လမ်းတွေ စီစဉ်ထားပါတယ်၊ ချိတ်ဆက်မိအောင် ခေါ်ဆောင်သွားမှာဖြစ်ပါတယ်၊ လွတ်တဲ့အကျဉ်းသားတွေကတော့ ကျား  ၁၂၉၃ ဦး၊ မ ၂၅၈ ဦး စုစုပေါင်း ၁၅၅၁ ဦးရှိပါတယ်၊ ကျွန်တော်တို့ အကျဉ်းသားအားလုံး လေးပုံတစ်ပုံနဲ့ရရှိပြီး လွတ်မြောက်သွားတဲ့သူတွေဖြစ်ပါတယ်၊"

အလားတူ နေပြည်တော် တပ်ကုန်းမြို့ ကင်းသာ ၁ နဲ့ ၂ ကုန်ထုတ်စခန်းက အကျဉ်းသား ၄၇၃  ယောက်နဲ့ နေပြည်တော် အချုပ်ထောင်က အကျဉ်းသား ၅၃ ယောက်လည်း လွတ်‌မြောက်လာပါတယ်။

ကင်းသာ ၁ ကုန်ထုတ်စခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ဒီနေ့ လွတ်မြောက် လာတဲ့ အကျဉ်းသားတွေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

"နိုင်ငံခြားသားတွေလည်းပါတယ်ပေါ့နော်၊ ကျွန်တော်တို့ဆီမှာတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးတော့ လွတ်ခါနီးနေတဲ့ဖြစ်တဲ့သူတွေကို သီးခြားနာမည်ပေးပြီးတော့ လွှတ်ခိုင်းတာရှိပါတယ်၊ နောက်တစ်ခုကတော့ မူးယစ်ဆေးဝါးအမှုအနေနဲ့ မူးယစ်ဆေးဝါးအမှုတွေကို အားလုံးကိုလွှတ်ပေးပါတယ်၊ အဲမှာမှ မူးယစ်ဆေးဝါးအမှုနဲ့ အခြားအမှုနဲ့ တွဲပြီးကျတဲ့သူတွေရှိတယ်၊ အဲလူတွေကတော့ မှုယစ်ဆေးဝါးအမှုကို အရှင်းလွှတ်လိုက်ပြီးတော့မှ ကျန်တဲ့တွဲလာတဲ့အမှုတွေကို လေးပုံတစ်ပုံလျှော့ရက်ပေးပြီးတော့ အရင်ရထားတဲ့လျှော့ရက်နဲ့ ပေါင်းပြီးတော့ လွတ်မြောက်မယ့်စာရင်းထဲမှာ ဝင်တယ်ဆိုရင် ဒီနေ့လွှတ်ပေးတာပဲဖြစ်ပါတယ်။"

တဆက်တည်းမှာပဲ သူတို့နေထိုင်ရာဒေသမှာ အခက်အခဲမရှိအောင် မြို့နယ်ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေစစ်ဆေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်လက်မှတ်တွေ ထုတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

ဒီနေ့ နေပြည်တော်အကျဉ်းထောင်က လွတ်လာတဲ့ ကိုသန်းဇော်က ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးတွေ မကြာခဏလုပ်တယ်လို့ RFA ကို ပြောပါတယ်။

"COVID–19 ရောက်မှဆိုရင် ကျွန်တော်တို့ သုံးပတ်လေးပတ်လောက်ရှိသွားပြီ ဒီအထဲကိုဟောပြောပွဲတွေ ဝင်လုပ်နေတာ ဒီနေ့ရောဆိုရင် လေးကြိမ်မြောက်ဖြစ်သွားပြီ၊ ဟောပြောပွဲဝင်လုပ်တယ်၊ သန့်ရှင်းတွေဘာတွေ လုပ်တယ်၊ လက်ဆေးဖို့တွေဘာတွေ၊ ပီးတော့ ပိုးသတ်ဆေးဖျန်းတာတွေ ဘာတွေလုပ်ပေးပါတယ်၊ ထောင်ပိုင် ကြီးရော ဆေးမှူးအရာရှိရော ပြောပါတယ်ခင်ဗျ၊ လက်တွေဘာတွေဆေးဖို့တို့၊ ရွာအဝင်ကအစ မိသားစုကအစ သုံးပေအကွာပေါ့၊ အဲလိုစကားပြောဖို့အတွက်၊ ချောင်းဆိုးတာကအစ လက်အုပ်ပြီးဆိုးဖို့အတွက် ပြောပါတယ် ခင်ဗျ။"

လွှတ်ငြိမ်းချမ်းသာထဲမှာ ရှမ်းပြည်နယ်၊ လာရှိုးအကျဉ်းထောင်က အကျဉ်းသား ၄၀၀ ကျော်လည်းပါဝင်ပြီး အဲဒီအထဲမှာ အမျိုးသမီး ခြောက်ယောက်အပါအဝင် တရုတ်နိုင်သား ၇၀ ကျော်လည်းပါဝင်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်က လွှတ်ပေးလိုက်တဲ့ လွှတ်ငြိမ်းခွင့်ရ အကျဉ်းသား ၁၀၀၀ ကျော်ထဲမှာလည်း တရုတ်နိုင်ငံသား ၁၀ ယောက်ပါဝင်ပါတယ်။

ဒီနေ့လွှတ်ငြိမ်းချမ်းသာအမိန့်ထဲမှာ သေဒဏ်ကျနေသူတွေကို လွတ်ရက်မရှိ တစ်သက်ပြစ်ဒဏ်၊ ထောင်နှစ် အကန့်အသတ်မရှိနဲ့ ထောင်ဒဏ်တစ်သက်ကျခံရေသူတွေကို နှစ်လေးဆယ်၊ ထောင်ဒဏ် အနှစ်လေးဆယ် အထက်သမားတွေကို အနှစ်လေးဆယ်၊ နှစ်လေးဆယ်နဲ့အောက်သမားတွေကို ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံကို အသီးသီးလျှော့ပေးခဲ့ပါတယ်။ ဒီနေ့ လွှတ်မိန့်ပေးရာမှာ နိုင်ငံခြားသား အကျဉ်းသား ၈၇ ယောက် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။