တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ ပညာဆက်သင်ခွင့်ရဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) က စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနကို တိုက်တွန်းလိုက်ပါတယ်။
အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာရှိတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေက ပညာဆက်သင်လိုတယ်ဆိုပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တင်ပြတာကြောင့် သက်ဆိုင်ရာဌာနကို အခုလို အကြံပြုတိုက်တွန်းထားတာလို့ MNHRC ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလက အကျဉ်းထောင် ၅၄ ခုနဲ့ အကျဉ်းစခန်း ၃၈ ကို MNHRC က သွားရောက် စစ်ဆေးချိန်မှာ အကျဉ်းသူ၊ အကျဉ်းသားတွေက ပညာဆက်သင်လိုတယ်လို့ တင်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတွေထဲမှာ အကျဉ်းသူ၊ အကျဉ်းသား ၄၄ ဦး ပါခဲ့ပါတယ်။
အင်းစိန်ထောင်က ၁၀ ဦး၊ မန္တလေးထောင်က ၂၉ ဦးနဲ့ အခြားထောင်တွေက ငါးဦးအောင်ခဲ့တာလို့ MNHRC ကပြောပါတယ်။
အဲဒီထဲမှာ ၅ ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၆ ဦးပါဝင်ပါတယ်။
အကျဉ်းသူ၊ အကျဉ်းသားတွေ ပညာသင်ခွင့် ဆက်လက်ရရှိဖို့ ဆက်လက်တိုက်တွန်းသွားမယ်လို့လည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနဲ့အောင်တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ရိုးရိုးအောင်မြင်သူတွေကိုတော့ လျှော့ရက်ခံစားခွင့်ပေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ ပညာရေးစနစ်အောက်မှာ စာမသင်တော့ဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်။