NDF ပါတီ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တရားစွဲ
2011.01.12
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးမြတ်သူရဲ့ တရားစွဲဆို တိုင်တန်းချက် မိတ္တူကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ခေါ်ယူပေးအပ်ခဲ့တာလို့ တရားစွဲခံရတဲ့ NDF ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
“ကျွန်တော့ကို ရန်ကုန်တိုင်း ကော်မရှင်ကနေပြီးတော့ သူတိုင်တဲ့ တိုင်ချက်တွေကို ကျွန်တော့ကို ပေးပါတယ်ခင်ဗျ။ သူတိုင်ထားတာကတော့ ၇ ချက် ၈ ချက်လောက် ရှိပါတယ်။ အဲဒီတော့ ကျွန်တော်က ၂၆ ရက်နေ့ကျရင် နေပြည်တော်မှာ သွားပြီးတော့ ဒီဟာကို ခုခံချေပရမှာ ဖြစ်ပါတယ်။ ကျွန်တော် ထုချေလွှာကိုတော့ လေးရက် ကြိုတင်ရမယ်ဆိုတော့ ဒီလ ၂၀ ရက်နေ့ ဝန်းကျင်လောက်တော့ တင်ပါမယ်ခင်ဗျ။”
ဒေါက်တာ မြတ်ဉာဏစိုးဟာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နဲ့ ဒေါပုံ ၅ မြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) က ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာ မြတ်ဉာဏစိုးအပေါ် အခုလိုတရားစွဲဆိုမှုဟာ NDF ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပထမဆုံး တရားစွဲဆိုမှုလည်း ဖြစ်ပါတယ်။
စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ မနှစ်က နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ၇၄ ရာနှုန်း အနိုင်ရရှိတယ်လို့ ကြေညာထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာနဲ့ NDF အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု စတဲ့ ပြိုင်ဖက်ပါတီအသီးသီးက အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးခန့်ကို ရွေးကောက်ပွဲ မသမာမှုတွေနဲ့ တရားစွဲဆိုထားပါတယ်။
တရားစွဲဆိုခံရတဲ့ NDF ပါတီရဲ့ အထက်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









