သနပ်ခါးလှုပ်ရှားမှုနဲ့ တုတ်၊ ဓါးလှုပ်ရှားမှု တနေ့တည်းပေါ်ထွက်

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.02.25

ရန်ကုန်မြို့မှာ အာဏာသိမ်းမှုဆန့်ကျင်လှုပ်ရှားသူတွေက သနပ်ခါးတွေလိမ်းကျံပြီး မနေ့က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြချိန်မှာ တပ်မတော်ကို ထောက်ခံသူတွေကတော့ တုတ်၊ ဓါးလက်နက်တွေနဲ့ လှည့်လည်ရင်း အများပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။

အာဏာရှင်စနစ် ဆန့်ကျင်သူတွေက ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ သနပ်ခါးလိမ်းကျံမှုနဲ့ ရန်ကုန်မြို့မှာ မနေ့က ဆန္ဒဖော်ထုတ်လှုပ်ရှားခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ကို ထောက်ခံတယ်ဆိုတဲ့ လူရာပေါင်းများစွာကတော့ တုတ်၊ ဓါးတွေနဲ့ မနေ့က ရန်ကုန်မြို့မှာ လှည့်လည်ပြီး အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ရန်ပြုတဲ့အတွက် တချို့ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထောက်ခံပွဲမှာ ပါဝင်သူတချို့က သူတို့ဟာ USDP ပါတီကလို့ပြောပြီး တချို့ကတော့ စားဝတ်နေရေးအတွက် အခကြေးငွေနဲ့ ငှားရမ်းလို့ လိုက်ပါခဲ့ကြတယ်လို့ ပြောပါတယ်။

မျက်မြင်သက်သေတဦးကတော့ ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင် ပါ။

“ဒီနေ့က သနပ်ခါးယဉ်ကျေးမှု ဆိုပြီးတော့ လုပ်ကြတယ်။ သနပ်ခါးတော်လှန်ရေးပုံစံမျိုးပေါ့ဗျာ။ အခု မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တော်လှန်ရေးပုံစံက မျိုးဆက်သစ်တွေက အသွင်အမျိုးမျိုး နဲ့ ပုံသဏ္ဍန် တမျိုးပြီး တမျိုးပေါ့။ Trans Revolution ဆိုပြီးသုံးတယ်၊ နွေဦးတော်လှန်ရေး ဆိုပြီး သုံးတယ်။ လူတန်းစားပေါင်းစုံနဲ့ သူတို့ရဲ့ ကျွမ်းကျင်တဲ့ နယ်ပယ်စုံက သူတို့ရဲ့ ကျွမ်းကျင်ရာ ပညာတွေနဲ့ စစ်အုပ်စုကို တနေ့တမျိုး မရိုးရအောင် တော်လှန်နေတာ တွေ့ရတယ်။ တဖက်မှာတော့ တပ်မတော် ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်တာတွေ့တယ်၊ အဲဒီမှာ တုတ် ဓားလက်နက်မျိုးစုံ ပါတယ်။ တဖက်ကို ဆဲဆိုတာတွေ တွေ့ရတယ်။ နောက် ပြည်သူ့ရဲ ပြည်သူ့ရဲလို့ ကျနော်တို့အော်နေတဲ့ ရဲတွေကိုယ်တိုင်က ဒီမိုကရေစီ ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြနေုတဲ့လူတွေကို အကြမ်းဖက်ဖြိုခွင်းပြီးတော့ တဖက်က တပ်မတော်ကို ထောက်ခံပါတယ်ဆိုတဲ့ အုပ်စုကိုကျတော့ အကာအရံတွေ ဖယ်ပေးလိုက်တာမျိုးက အင်မတန်မှ ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ ဒီစစ်အုပ်စုကို အပြုတ်တိုက်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ဆက်သွားမယ်ဆိုရင် ကျနော်တို့ အောင်မြင်မှုက လက်တကမ်းမှာပဲ ကျန်တော့တယ်လို့ ကျနော်ယုံကြည်ပါတယ်”

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင် ဦးတင့်လွင်ကလည်း တပ်မတော်ထောက်ခံတဲ့ အကြမ်းဖက် ဆန္ဒပြသမားတွေကြောင့် မနေ့က အမှန်တကယ် နစ်နာဆုံးရှုံးသွားတာကတော့ တပ်မတော်ပဲဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒီလူတွေကို တဖွဲ့ဖွဲ့က ငှားရမ်းပြီးတော့ ဒါ သူတို့က မငှားဘူးပြောတာပေါ့လေ ဒါပေမဲ့ ငှားတဲ့ ပိုက်ဆံစာအုပ်ကြီး ကျန်ခဲ့တယ်။ ငှားတယ်ဆိုတာလဲ အားလုံးကသိနေတယ်။ အများစုကလဲ အကြမ်းဖက်တဲ့ လုပ်ရပ်တွေ လုပ်တာဆိုတော့ ဒါက တပ်မတော်အတွက် ကောင်းစရာ အကြောင်းမရှိဘူး။ ဒါ လုပ်တဲ့အတွက် နိုင်ငံရေးအရ လည်း တပ်မတော်အတွက် ဆုံးရှုံးတာပေါ့။ တပ်မတော်ဘက်က ရိုးရိုးသားသား ထောက်ခံရင်တောင်မှ သူတို့ဘက်က ရပ်ဖို့ ခက်ခဲသွားလိမ့်မယ်။ ပြည်တွင်းမှာသာမက ပြည်ပမှာပါ တပ်မတော်ဘက်က ရပ်တည်ဖို့ အတော်ခက်ခဲမယ်လို့ ထင်တယ်။ ဒီလိုလုပ်သူတွေကို အင်တာဗျူးတွေထဲမှာ တယောက်မှ ကျနော်က တပ်မတော်ကို ထောက်ခံတယ်လို့ ပြောတာ မတွေ့ရဘူး- အများစုက ဘာမှနားမလည်ဘဲ လိုက်လာတာပါ၊ မလိမ့်တပတ်ခေါ်ခံရတဲ့ပုံမျိုး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ပြောတာတွေ့ရတယ်။ ဒီလိုထောက်ခံခြင်းဟာ တပ်မတော်ဘက်က အကျိုးအမြတ် မရဘဲ ပြည်သူဘက်ကသာ အကျိုးအမြတ်ရတယ်လို့ ကျနော် ထင်ပါတယ်”

မျိုးဆက်သစ် သရုပ်ဆောင်တဦးဖြစ်တဲ့ သူရထူးရဲ့ရင်တွင်းစကားတွေမှာတော့ အာဏာရှင်စနစ်အောက်မှာ သူတို့လူငယ်တွေရဲ့ အနာဂတ်ပျောက်ဆုံးသွားမှာကို နာကျည်းစိုးရိမ်မှုတွေ ထင်ဟပ်နေပါတယ်။

“ဒီနေ့ဆိုရင် လူတယောက်ကို ချွန်ထက်တဲ့ ပစ္စည်းတခုခုနဲ့ထိုးတဲ့ ကိစ္စ ပုံနဲ့ အထင်အရှားတက်လာတယ်။ ပြည်သူလူထုတရပ်လုံးက လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။ ပြည်သူ့ရဲတွေကလဲ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့သူတွေဘက်ကိုတားဆီးပြီး တပ်မတော်ထောက်ခံရေးသူတွေ လာတာကိုကျတော့ လမ်းကြောင်း ဖွင့်ပေးတာ တွေ့ရတယ်။ ပြည်သူ့ဆန်ကို စားတဲ့သူတွေက ဘယ်သူ့ကိုကာကွယ်မှာလဲ ဆိုတဲ့ မေးခွန်းမေးချင်တယ်။ တွေ့ရမြင်ရတာတွေ စိတ်မကာင်းဘူး။ လူတယောက်ဟာ ရည်မှန်းချက်မရှိဘူးဆိုရင် ရွက်မရှိတဲ့ သင်္ဘောတစင်းနဲ့တူတယ်၊ သူဘယ်မှ ရောက်မှာလဲ မဟုတ်ဘူး။ ဘာမှလဲဖြစ်မှာမဟုတ်ဘူး။ ကျနော့်မှာရည်ရွယ်ချက်တခုရှိတယ် အဲဒါကတော့ အမှန်တရား မထွန်းကားတဲ့ တိုင်းပြည်ရဲ့ နိုင်ငံသား ဖြစ်ရမှာကို တအားစိုးရိမ်တယ်။ လုံးဝမဖြစ်စေရဘူး အဲဒါကြောင့် ခံစားချက်နဲ့ကျနော်တိုက်နေတာ။”

ရန်ကုန်မြို့မှာ တပ်မတော်ထောက်ခံသူတွေ မနေ့က တုတ်၊ ဓါးလက်နက်တွေ ကိုင်ဆောင်ကာ ရန်ပြု အကြမ်းဖက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေက တစုံတရာ ဝန်ခံပြောဆိုခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-25 21:17

The Myanmar military coup and police force's image is extremely bad already in the world.