FFM ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒပြ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ရဲ့ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်းနဲ့ FFM အဖွ့ဲကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မပေးဖို့ အမျိုးသားရေး လှုပ်ရှားသူ တစ်ရာကျော် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

FFM အဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံကို တစ်ဖက်သတ် ဖိနှိပ်တဲ့ ဆောင်ရွက်ချက်ဖြစ်တာကြောင့် ကန့်ကွက်ဆန္ဒပြတာဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။

တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ရှားဖို့နဲ့ တပ်မတော်က စီးပွားရေးလုပ်ဆောင်နေတာတွေကို ဥပဒေနဲ့တားဆီးဖို့ FFM အဖွဲ့ရဲ့ အစီရင်ခံစာမှာ အစိုးရအဖွဲ့ကို အကြံပြုထားပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့ကတော့ FFM အဖွဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေမှာ နိုင်ငံခြားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

KPSN ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ယက်ကတော့ သြဂုတ်လ ၅ ရက်နေ့က ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး ကော်မရှင်ရဲ့ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်း နီးပါး ထွက်ပြေးသွားခဲ့ကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုနေပါတယ်။

အဲဒီနယ်မြေရှင်းလင်းရေးလုပ်ငန်းတွေစပြီး ရက်အနည်းငယ်အကြာမှာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း ၄၅ ခုက တပ်မတော်ကို ဒေါ်လာ ၁၀ သန်းကျော် အလှူငွေပေးအပ်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM ကအစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး အဲဒီကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပြီး ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ တောင်းဆိုထားပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)