သဘာဝတရားရိပ်သာဆရာတော်ကို ဆန်ဖရန်စစ္စကိုမှာ မြန်မာတွေဆန္ဒပြ

2023.07.27
သဘာဝတရားရိပ်သာဆရာတော်ကို ဆန်ဖရန်စစ္စကိုမှာ မြန်မာတွေဆန္ဒပြ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကို ဆန်ဖရန်စစ္စကိုရောက် မြန်မာအသိုင်းအဝိုင်းက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။
Nyunt Than/Facebook

စစ်ကောင်စီကိုထောက်ခံတဲ့ သံဃာအဖြစ် နာမည်ကျော်ပြီး အမေရိကန်ပြည်ထောင်စုမှာ လတ်တလော လှည့်လည်တရားဟောနေတဲ့ ရန်ကုန်တိုင်း သံလျင်မြို့နယ်က သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကို ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသတဝိုက်မှာ နေထိုင်တဲ့ မြန်မာတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ့ညနေပိုင်းက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့အနီး Newark မြို့မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမယ့်နေရာကို သဘာဝတရားရိပ်သာ ဆရာတော် ရောက်ရှိလာချိန်မှာ မြန်မာအင်အားစု ၆၀ လောက်က ဆန္ဒပြခဲ့ကြတာပါ။

ဆရာတော်ဟာ ကားပေါ်မှာ တစ်နာရီခွဲကြာနေပြီးနောက် ဆွမ်းဆန်စိမ်းလောင်းသူ မရှိဘဲ လှည့်ပြန်သွားရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

RFA က လက်ခံရရှိတဲ့ ဗီဒီယိုတွေမှာ… ဆန္ဒပြသူတွေက ဦးဥတ္တမသာရကိုဆန့်ကျင်တဲ့ ပိုစတာတွေကိုင်ပြီး "သစ္စာဖောက် အလိုမရှိ၊ သင်္ကန်းခြုံ စစ်မိစ္ဆာဘုန်းကြီး အလိုမရှိ" စတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးဆန္ဒပြကြတာကို မြင်ရပါတယ်။ ရဲတွေရောက်လာတဲ့အခါ ဆန္ဒပြသူတွေက ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ စစ်ကောင်စီရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို ရှင်းပြကြတယ်လို့ ဆိုပါတယ်။

သဘာဝတရားရိပ်သာ ဆရာတော်ဟာ "USA အမေရိကန် ငြိမ်းချမ်းရေးခရီးစဉ်" ခေါင်းစဉ်နဲ့ မြန်မာပြည်အတွေ့အကြုံ၊ အသိအမြင်ဖလှယ်ဖို့ ဆိုပြီး စစ်ကောင်စီဘက်ကနေ စည်းရုံးနေတယ်လို့ အမေရိကန်ရောက် မြန်မာတွေက ပြောပါတယ်။

ဆရာတော်က 'မြန်မာပြည်မှာ စစ်တပ်က သတ်တာလည်းမှား၊ ပြည်သူဘက်က သတ်တာလည်းမှား၊ စစ်တပ်ရှိမှ ဘာသာ၊ သာသနာ တည်မြဲမယ်' ဆိုပြီး မိန့်ဆိုစည်းရုံးနေတယ်လို့လည်း ဆိုပါတယ်။ အခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဥတ္တမသာရရဲ့ သဘောထားကို RFA က ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက အနားယူအောင် တိုက်တွန်းပေးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးကို မကြာခင်က သွားရောက်မိန့်ကြားခဲ့တဲ့အတွက် ဒီမိုကရေစီလိုလားသူ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။