ဆန္ဒပြသူတွေ ငွေမရတဲ့အတွက် ဝန်ကြီးဌာနကို အကြောင်းကြား


2017.05.26
aungko-protest-620.jpg သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နုတ်ထွက်ပေးဖို့ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဘောလုံးကွင်းမှာ မေလ ၂ဝ ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့စဉ်
Photo: Win Ko Ko Latt/RFA

နေပြည်တော်ကောင်စီနယ်မြေမှာ ပြုလုပ်ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေး ဖို့ တောင်းဆိုဆန္ဒပြပွဲကို တက်ရောက်ခဲ့သူတွေထဲက ထောက်ပံ့ကြေးမရသူတွေ နဲ့ နေရပ်ပြန်ဖို့ ငွေကြေး အခက် အခဲဖြစ်ခဲ့သူ အယောက် ၁၀၀ ကျော်လောက်က ဝန်ကြီးဌာနကို အကြောင်းကြားလာတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။

ဖုန်းဆက်ပြီးပြောတာ၊ E-mail ကပြောတာတွေကို ရရှိထားပြီး မှန်ကန်အောင် စိစစ်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။

"ဖုန်းတွေနဲ့ ဆက်ပြီးတော့ ပြောတာတို့၊ E-mail ကနေ ပြောတာတို့က အယောက် ၁၀၀ ကျော်လောက် ရှိပါတယ်ခင်ဗျ၊ ကျွန်တော်တို့က တိကျတဲ့ဟာ ဖြစ်အောင်လို့တော့ စိစစ်နေပါတယ်ခင်ဗျ။"

အဲလို ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး နစ်နာခဲ့သူတွေအနေနဲ့ ဝန်ကြီးဌာနကို အသိပေးအကြောင်းကြားနိုင်ကြောင်း ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ၃ ရက်အတွင်းမှာ အခုလို အယောက် ၁၀၀ ကျော်က ဆက်သွယ်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း(ရန်ကုန်)က ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ဝန်ကြီး သူရဦးအောင်ကို နှုတ် ထွက်ပေးဖို့ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ တက်ရောက်ခဲ့သူ တစ်ယောက်ကို ၇ ထောင်၊ ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်း စသဖြင့် ထောက်ပံ့ပေးခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတချို့မှာ ဖော်ပြမှုတွေရှိနေကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ပါဝင်ခဲ့သူတချို့က ထောက်ပံ့ကြေးမရတာ၊ အပြန်ခရီးအတွက် အခက်အခဲဖြစ်တာတွေ ကြုံတွေ့ရကြောင်းနဲ့ အဲဒီပွဲအတွက် ငွေကျပ်သိန်း ၈ ထောင်ခန့် သုံးစွဲခဲ့ကြောင်း ကုန်ကျစရိတ်စာရင်းတွေ ခန့်မှန်းတွက်ချက်ထားတာတွေ ကို လူမှုကွန်ရက်စာမျက်နှာတချို့မှာ ဖော်ပြထားတယ်လို့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အသိပေး အကြောင်းကြားလာတာတွေကို စိစစ်မှုတွေပြုလုပ်နေပြီး ဆက်လက်ဆောင်ရွက်သွားမယ့်ကိစ္စတွေကို ဝန်ကြီးဌာနကနေ ထုတ်ပြန်ကြေညာပေးသွားမှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။