ပုလောက စက်လှေနစ်မြုပ်မှု သေဆုံးသူ ၁၇ ဦး ရှိလာပြီး ကိုးဦးခန့် ပျောက်ဆုံးနေ

RFA Burmese
2024.10.23
ပုလောက စက်လှေနစ်မြုပ်မှု သေဆုံးသူ ၁၇ ဦး ရှိလာပြီး ကိုးဦးခန့် ပျောက်ဆုံးနေ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ညက စက်လှေတိမ်းမှောက်ခဲ့ရာနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်နေကြစဉ်။
Facebook/ အရှင်ဣန္ဒက ကျောက္ကာကျွန်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးက စက်လှေနစ်မြုပ်မှုမှာ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းအထိ စုစုပေါင်း ရုပ်အလောင်း ၁၇ လောင်းအထိ ရှာတွေ့ထားပြီး နောက်ထပ် ကိုးဦးခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ရုပ်အလောင်းတွေ့ရှိထားတဲ့ ၁၇ ဦးထဲမှာ ၃ လနဲ့ ၅ နှစ်ကြား ကလေး သုံးဦး၊ အသက် ၁၁ နှစ်ကနေ ၆၀ အကြား အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား သုံးဦး ပါဝင်ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ နစ်မြုပ်နေတဲ့လှေကို ပြန်မဆယ်နိုင်သေးတာကြောင့် လှေဝမ်းဗိုက်အတွင်း ရုပ်အလောင်းတွေ ထပ်တွေ့နိုင်သေးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"လှေပေါ်ပါသူတွေကို ထုတ်ပေးထားတဲ့ ထောက်ခံစာ စာရင်းအရဆိုရင် ပျောက်ဆုံးနေတာ ကိုးဦး ရှိနိုင်သေးတယ်။ တချို့ကလေးတွေက ထောက်ခံစာ မယူရတော့ အဲဒီထက်လည်း ရှိနိုင်တယ်။ အလောင်းတွေက လှေ၀မ်းထဲမှာလည်း ရှိနိုင်တယ်။ ဒီနေ့ဆိုရင် လှေမြုပ်တာ လေးရက်လောက်ရှိသွားပြီဆိုတော့ အလောင်းက ပြန်ပေါ်ဖို့ဆိုတာ မလွယ်တော့ဘူး"

ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ကောက်ခံထားတဲ့စာရင်းအရ လှေပေါ်မှာ လူ ၉၇ ဦး လိုက်ပါလာတာဖြစ်ပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူက ၇၁ ဦး ရှိပါတယ်။

ကယ်ဆယ်ရှာဖွေရေးကို အနီးအနားရွာတွေက ဒေသခံတွေနဲ့ လှေပိုင်ရှင်တွေ စုပေါင်းပြီး ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ညက ကျောက္ကာရွာကနေ မြိတ်မြို့ကို စက်လှေထွက်ခွာစဥ် ကျောက္ကာရွာအနီးမှာပဲ စက်လှေနစ်မြုပ်ခဲ့တာပါ။

စက်လှေ နစ်မြုပ်မှုကြောင့် စစ်ဘေးဒုက္ခသည်တွေနဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက် ပြန်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အများဆုံး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပုလောမြို့နယ်၊ ကြဲရွာနဲ့ အနီးတစ်ဝိုက်မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမှာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေပြီး အများစုဟာ ရေလမ်းကိုပဲ အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။