ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် မိုးပျံရထားလမ်း စီမံကိန်း

0:00 / 0:00

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ CREEC က ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့က တေ့ွဆုံရှင်းပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကို ၃နှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ တရုတ်နိုင်ငံမှာရှိတဲ့ အမှတ် ၂ မီးရထား အင်ဂျင်နီယာဂရုကုမ္ပဏီ က ရှင်းပြခဲ့တာလို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကုမ္ပဏီဘက်က စီမံကိန်းဆောင်ရွက်မယ့် အခြေအနေကို ရှင်းလင်းပြပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို မေးမြန်းတဲ့သဘောဖြစ်တယ်လို့လည်း သိရပါတယ်။

မူလမြို့ပတ်ရထားလမ်းကနေ မဟုတ်ဘဲ ဘေးကနေတည်ဆောက်ဖို့ ကုမ္ပဏီဘက်က လျာထားသလို ဘူတာ ၂၄ ခုထိလည်း လျာထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီလိုမိုးပျံရထားလမ်းဆောက်လုပ်တာကိုတော့ ကိုယ်စားလှယ်တွေအတော်များများက ထောက်ခံကြပေမယ့် အသစ်ဖောက်လုပ်တာထက် မူလလမ်းကြောင်းကနေ ပြေးဆွဲဖို့ကိုပဲ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လမ်းကြောင်းအသစ်ဆွဲမယ်ဆိုရင် မြေယာသိမ်းဆည်းတဲ့ ပြဿနာတွေနဲ့ ကြုံရနိုင်တယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။

"သူတို့ရည်မှန်းထားတဲ့ ၂၄ လနဲ့ ၃၆ လအတွင်း ဒီဇိုင်းရေးဆွဲခြင်းနဲ့ တည်ဆောက်မှုပြီးစီးခြင်းဆိုတာက သူတို့ပြတဲ့ အော်တာနေးတစ်ဝေးဆိုရင် မဖြစ်နိုင်ဘူးလို့ အစ်ကိုတို့ကဆွေးနွေးတာ ရထားလမ်းဟောင်းပေါ် မှာဆိုရင် ဖြစ်နိုင်တယ်၊ လမ်းကြောင်းအသစ်ပေါ်မှာဆိုရင် မြေယာပိုင်ဆိုင်မှုနဲ့ မြေယာတွေရှင်းတဲ့ကိစ္စတွေ ကြန့်ကြာနိုင်တဲ့ဟာတွေရှိတာပေါနော်"

ဒီမိုးပျံရထားလမ်းစီမံကိန်းဟာ ၃၇ ကီလိုမီတာရှိမှာဖြစ်ပြီး ပထမလမ်းကြောင်းအနေနဲ့ ကြည့်မြင်တိုင်မြို့နယ်ကနေ မင်္ဂလာဒုံမြိုနယ်အထိဖြစ်ပြီး ဒုတိယလမ်းကြောင်းမှာ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ တစ်နာရီကို ကီလို ၈၀နှုန်းနဲ့ ပြေးဆွဲဖို့ လျာထားတာဖြစ်ပါတယ်။

အမှတ် ၂ တရုတ်နိုင်ငံ မီးရထားအင်ဂျင်နီယာကုမ္ပဏီ CREEC က ဆောင်ရွက်မှာဖြစ်ပြီး ရင်နှီးမြှုပ်နှံမှုပုံစံအနေနဲ့ လက်တွေ့လုပ်ငန်းအကောင်ထည်ဖော်တဲ့စနစ်နဲ့ BOT စနစ်နှစ်ခုကို တင်ပြခဲ့တာပါ။

ဆောက်လုပ်မယ်ဆိုရင် တရုတ်ကုမ္ပဏီက ၅၁ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းအစိုးရက ၂၀ ရာခိုင်နှုန်းနဲ့ ပြည်တွင်းကစိတ်ဝင်စားတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေက ရှယ်ယာပါဝင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရက ထည့်ဝင်မယ့် ၂၀ ရာခိုင်နှုန်းမှာ ငွေကြေးစိုက်ထုတ်စရာမလိုပဲ ရထားလမ်းငှားခ၊ ဘူတာတွေအတွက် မြေငှားခ စတဲ့ အသုံးပြုခတွေကို ရှယ်ယာအဖြစ် ထည့်ဝင်ရမှာဖြစ်ပါတယ်။

မင်္ဂတောင်ညွှန်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကတော့ ကားလမ်းပိတ်တာခံစားနေရတဲ့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေသွားနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"သဘောတူတယ်ဆိုတဲ့ သဘောထားလေးကို ပေးထားတာရှိပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဆီမှာက ကားလမ်းပိတ်ဆို့မှု ပြဿနာက တော်တော်လေးကို ကြီးတယ်လေ၊ ကားပိတ်တဲ့အတွက် အချိန်တွေ အများကြီးဆုံးရှုံးတယ်၊ လူတွေပင်ပန်းတယ်၊ ဝန်ထမ်းတွေဆိုရင် ကားတွေပေါ်မှာတင် စိတ်ပန်း၊ လူပန်းနဲ့ ကားတွေပေါ်မှာတင် ခွန်အားတွေက ဆုံးရှုံးတယ်၊ မိုးပျံရထားပေါ်လာရင်တော့ ဖြေရှင်းသွားနိုင်တာက သူက ၁ နာရီကို ကီလိုမီတာ ၈၀ နှုန်းနဲ့ သွားမှာ၊ နောက်တစ်ချက်က မီးပွိုင့်မရှိဘူး၊ အဲ့ဒီအတွက်ကြောင့် သွားချင်တဲ့ခရီးကို အချိန်တိုတိုနဲ့ လျှင်လျှင်မြန်မြန်သွားနိုင်မယ်အနေအထားကိုရမယ်"

ဒါပေမယ့် ရထားလမ်းအသစ်ဖောက်လုပ်မယ်ဆိုရင် ပြည်သူတွေကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်ဖို့ကိုတော့ ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့ ဦးလှဌေးက ပြောပါတယ်။

လက်ရှိရန်ကုန်မြို့ပတ်လမ်းတွေ အဆင့်မြှင့်တင့်ဖို့အတွက် မြန်မာ့မီးရထားနဲ့ JICA က ဆောင်ရွက်နေပြီး ဒီမိုးပျံရထားလမ်းစီမံကိန်းကို ပြည်ထောင်စုအစိုးရသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ ကိုယ်စားလှယ် ဦးနေဘုန်းလတ် က ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် က သူ့အမြင်ကို အခုလိုပြောပါတယ်။

"လမ်းကြောင်းသစ်ထပ်ဆွဲတာကိုလည်း ကိုယ်စားလှယ်တော်တော်များများက သဘောမတူဘူး၊ ဥပမာ မြို့ပတ်ရထားလမ်းကြောင်းကရှိပြီးသား အဲဒါကိုလည်း မီးရထားပိုင်မြေက အကျယ်ကြီးတွေယူထားတာ၊ အဲဒီမြို့ပတ်ရထားလမ်းကြောင်းကို အဆင့်မြှင့်မယ့် စီမံကိန်းက ပြည်ထောင်စုအဆင့်မှာရှိပြီးသား၊ ကိုယ်တို့အမြင်တော့ ဆွေးနွေးလိုက်တာပေါ့၊ လက်ရှိ ရှိပြီးသားလမ်းကြောင်းကိုပဲ အဆင့်မြှင့်ပြီးတော့ လုပ်စေချင်တယ်ပေါ့၊ ပြီးရင်လည်း ပြည်ထောင်စုအဆင့် လုပ်ပိုင်ခွင့်အောက်မှာပဲ ရှိသင့်တယ်ဆိုတာမျိုး ဆွေးနွေးလိုက်တယ်၊ အမှန်အတိုင်းပြောရရင် လုပ်ဖို့ မလုပ်ဖို့က မသေချာသေးပါဘူး"

ဒီမိုးပျံရထားစီမံကိန်းဟာ တစ်နေ့ကို ခရီးသည်လေးသိန်းလောက်ကို တင်ဆောင်ပြေးဆွဲနိုင်မှာဖြစ်ပြီး တစ်ဦးကို ငွေကျပ် ၅၀၀ ကောက်ခံသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းအစိုးရက ရင်နှီးမြှုပ်နှံခွင့်ပြုပေးလိုက်တာဖြစ်ပြီး ပြည်ထောင်စုအဆင့်ကို ဆက်လက်တင်ပြရမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။