တပ်မတော်အနေနဲ့ AA ရခိုင်အဖွဲ့နဲ့ နှစ်ဖက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးအပေါ် အတိအကျ မပြောနိုင်ပေမဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ရဲ့နယ်မြေသတ်မှတ်ဖို့ မဖြစ်နိုင်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
AA အဖွဲ့စတင်ရာ- KIA ထိန်းချုပ်တဲ့လိုင်ဇာမှာ နယ်မြေသတ်မှတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ကောင်းပေမယ့် ရခိုင်ပြည်နယ်ထဲမှာတော့ မဖြစ်နိုင်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအပြီးမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သထင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာပါ။
တဆက်တည်းမှာပဲ KIA ၊ AA ၊ TNLA ၊ MNDAA စတဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ အနေနဲ့ NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးခင် တစ်ဖွဲ့ချင်းစီအလိုက် အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တင်ပြထားတဲ့အပေါ် အစိုးရနဲ့ တပ်မတော်အကြား သဘောထားကွဲလွဲမူမရှိဘဲ NRPC အစိုးရ ငြိမ်းချမ်းရေး ဗဟိုဌာနဲရဲ့ ဦးဆောင်မှုနဲ့ ရှေ့ဆက်ညှိနှိုင်းမှာဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ AA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင်တွေ့ဆုံဖို့ ဆွေးနွေးနေရာမှာ တွေ့ဆုံမယ့်နေရာကို သဘောတူညီချက် မရသေးဘဲ နှောင့်နှေးနေတာဖြစ်ပါတယ်။
သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက… AA အဖွဲ့အနေနဲ့ သူတို့ ကိုယ်စားလှယ်ခေါင်းဆောင်တွေရဲ့ လုံခြုံရေး အခြေအနေကြောင့် တွေ့ဆုံမယ့်နေရာ ညှိနိုင်းလို့မရဘဲ ဖြစ်နေတာလို့ ပြောဆိုထားပါတယ်။ AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခကတော့… မြောက်ပိုင်းလေးဖွဲ့လုံးရဲ့ ဆန္ဒအရ တွေ့ဆုံမယ့်နေရာကို ဆွေးနွေးနေတာလို့ ပြောဆိုထားပါတယ်။
(RFA သတင်းထောက် သီဟထွန်းနှင့် ဝင်းကိုကိုလတ် ပေးပို့သည်)