ပေါက်တောမှာ AA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေ
2023.11.21
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့နေ့လယ်ပိုင်း မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို AA က ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ရော စစ်ရေယာဉ်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောမြို့ထဲမှာ ပိတ်မိနေသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အစကတော့ ကျွန်မတို့ အိမ်ထဲမှာပုန်းနေတာ။ သေနတ်သံတွေ အများကြီး ကြားရတယ်။ ပြီးရင် လေယာဉ်နဲ့လည်း ပစ်တယ်။ နေဗီ (ရေတပ်) ကလည်း ပစ်တယ်။ မြို့ထဲမှာဖြစ်ကြတာပါ။ ဘယ်လိုဖြစ်တာလဲတော့မသိဘူး။ စစ်သားတွေမြို့ထဲမှာ ရှိတယ်လေ။ အဲဒါကို AA က လာတိုက်တာထင်ပါတယ်။ ကျွန်မတို့တော့ ပုန်းနေတုန်းပါ။ အခုလည်း လက်နက်ကြီးပစ်သံတွေကြားနေရပါတယ်"
နိုဝင်ဘာ ၁၆ ရက်နေ့က ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပေါက်တောမြို့ခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။
ဒါ့အပြင် တိုက်ပွဲအတွင်း သေဆုံးသူတွေပါရှိသလို ပေါက်တောမြို့ခံ တစ်ရာကျော်ကိုလည်း ဒီနေ့အထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိလည်း တိုက်ပွဲဖြစ်ခဲ့တဲ့ ပေါက်တောမြို့ဘက်ကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ် ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေသလို စစ်ကူတွေပါ ပို့ဆောင်နေတယ်လို့ စစ်တွေမြို့ခံတွေက RFA ကိုပြောပါတယ်။
ပေါက်တောမြို့မှာဖြစ်တဲ့ ဒီနေ့တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်မှုအခြေအနေအပေါ် စစ်ကောင်စီတပ်ဘက်ကရော၊ AA ဘက်ကရော တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို (AA) ပြောခွင့်ရသူ ဦးခိုင်သုခကိုလည်း RFA က မေးမြန်းထားပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။