ရခိုင်ပြည်နယ်မှာ မခွဲခြားဘဲ ကူညီဖို့ ယူနီဆက် ကတိပြု


2014.04.30
rakhine-mother-305.jpg စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည် စခန်းတစ်ခုမှာတွေ့ရတဲ့ အမျိုးသမီးနဲ့ ကလေးများပုံ
photo: RFA/ Min Thein Aung

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွေ ဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားချက်တွေအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှ ဖြစ်တယ်လို့ UNICEF အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ Micasa ဟိုတယ်မှာ ဒီကနေ့ ညနေပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ရခိုင်ပြည်နယ်အတွင်းလုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြန်မာနိုင်ငံဆိုင်ရာ UNICEF ဋ္ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel ပြောခဲ့တာပါ။

“ယူနီဆက်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လက်အောက်ခံအဖွဲ့အစည်း ဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ရဲ့ ဘက်မလိုက်ခြင်း၊ မျှတခြင်းစတဲ့ မူဝါဒတွေအပေါ်မှာပဲ အခြေခံပြီး အလုပ်လုပ်ဆောင်နေ တာဖြစ်ပါတယ်။ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လူမျိုးရေး ဘာသာရေးအပေါ်မှာ အခြေခံမှာမဟုတ်ဘဲ လုပ်ငန်းလိုအပ်ချက်အပေါ်မှာသာ အခြေခံပြီး အကူအညီပေးသွားမှာ ဖြစ်ပါတယ်၊ လိုအပ်ချက်ဟာ ကွဲပြားချက်တွေရှိနေပါတယ်၊ အထူးသဖြင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ကလေးတွေ ဟာ ခက်ခက်ခဲခဲနဲ့ ရှင်သန်နေရတာပါ။ သူတို့အတွက်တော့ အကူအညီတွေ ပိုလိုအပ်နေပါတယ်”
လို့ မြန်မာနိုင်ငံဆိုင်ရာ UNICEF ဋ္ဌာနေကိုယ်စားလှယ် Mr.Bertrand Bainvel က ပြောပါတယ်။

UNICEF အဖွဲ့အနေနဲ့ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ရှင်သန်ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အမေရိကန်ဒေါ်လာ  ၁၂ သန်း သုံးစွဲသွားမှာဖြစ်တယ်လို့လည်း UNICEF အဖွဲ့က ဒီကနေ့ ပြောပါတယ်။ UNICEF အဖွဲ့ဟာ ရခိုင်ပြည်နယ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့လည်း ညို့နှိုင်းလုပ်ဆောင်တာတွေရှိနေသလို ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားပြီးနောက်ပိုင်း အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်ရတာ ပိုပြီးခက်ခဲလာတယ်လို့ လည်း ပြောပါတယ်။ ယူနီဆက်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ကလေးငယ်တွေရဲ့ကျန်းမာရေးနဲ့ အာဟာရရှိဖို့၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းဖို့၊ HIV ပိုးကူးစက်ခံထားရတဲ့ ကလေးငယ်တွေဆေးဝါးရရှိဖို့နဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနဲ့ INGO နိုင်ငံတကာကူညီပေးရေးအဖွဲ့တွေ ပုံမှန်အတိုင်း လုပ်ငန်းပြန်လည်လုပ်ဆောင်နိုင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းတို့ စစ်တွေမြို့မှာ INGO အဖွဲ့တွေ၊ ဒေသခံတွေနဲ့ မနေ့က သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး

ဗိုလ်ချုပ်မောင်မောင်အုန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။