ရခိုင်မှာ ကိုဗစ်ကြောင့်နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ယာယီရပ်နားဖို့စီစဉ်

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021-07-06
Share

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေထဲ ဒုတိယအများဆုံးဟာ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်သွားလာသူတွေဖြစ်နေလို့ စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့ကစလို့ အချိန် နှစ်ပတ်ကြာ ယာယီရပ်နားဖို့စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ က မနေ့ကပြောပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီရပ်နားမှာဖြစ်တယ်လို့ ကောင်စီရဲ့သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးပြောပါတယ်။

“အခုလ ၁၅ ရက်ကနေပြီးတော့ ဇူလိုင်လကုန်တဲ့အထိ နှစ်ပတ်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စစ်တွေ-တက္ကနာ၊ မောင်တော-တက္ကနာ စခန်းနှစ်ခုလုံးကို ရပ်ထားဖို့ အစီအစဉ်တွေ လုပ်ထားပြီးဖြစ် ပါတယ်။ သက်ဆိုင်ရာ ကုန်သည်တွေ၊ ယာဉ်တွေ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေ ဆီကိုလည်း ကျွန်တော်တို့ သတိပေးထားပြီးပါပြီ။ လာမယ့် ကတ်ဘိနက်မှာ ဆွေးနွေးပြီးရင်တော့ ကျွန်တော်တို့ တရားဝင်ကြေညာသွားဖို့ရှိပါတယ်”

တစ်ချို့ကုန်စည်တွေက မြန်မာပြည်မဘက်ကနေ ကုန်သွယ်ရေးစခန်းတွေဆီကို ရောက်နှင့်နေပြီးသားဖြစ် သလို တစ်ချို့ကုန်စည်တွေကလည်း ပုပ်သိုးလွယ်တဲ့ စားသောက်ကုန်တွေဖြစ်တာကြောင့် ချက်ချင်းဆုံးဖြတ် ပြီး ချက်ချင်းပိတ်လို့ မရတာကြောင့် ကြိုတင်စီစဉ်ရတာလို့လည်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် အပါအဝင် မြို့နယ်ပေါင်း ၁၀ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိတဲ့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ပိုးတွေ့ရှိသူ ၄၁၁ ဦးနဲ့ သေဆုံးသူ သုံးဦးရှိနေပါတယ်။

အဲဒီအထဲက မောင်တောမှာ လူပေါင်း ၁၇၉ ဦးနဲ့ ပိုးတွေ့ရှိသူအများဆုံးဖြစ်ပြီး စစ်တွေမှာတော့ လူပေါင်း ၁၀၆ ဦးရှိတာကြောင့် ကူးစက်မှုဒုတိယအများဆုံးဖြစ်ပါတယ်။

စစ်တွေမြို့မှာ ပိုးတွေ့ရှိသူတွေထဲက လူပေါင်း ၇၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်သွားလာသူတွေ ဖြစ်သလို မောင်တော ပိုးတွေ့ရှိသူအများဆုံးဟာ မြန်မာပြည်ပဘက် ဒေသအသီးသီးကနေ ပြောင်းရွှေ့လာတဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် ဒေသတွင်း ကူးစက်မှုတွေ့ရှိမှုဟာ ရာခိုင်နှုန်းနည်းတယ်လို့လည်း ပြည်နယ်စစ် ကောင်စီက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်သွားလာသူတွေကနေ ပထမဆုံး စတင်တွေ့ရှိရတာဖြစ်ပေမယ့် သူတို့ကို လှေပေါ်နဲ့ ဆေးရုံမှာသာထားရှိတာကြောင့် ဒေသတွင်းမှာ တွေ့ရှိလာရတဲ့ ပိုးကူးစက်မှုဟာ နယ်စပ်ကုန်သွယ်ရေးကနေ မဟုတ်ဘဲ အခြားတိုင်းဒေသတွေနဲ့ ဆက်သွယ် သွားလာမှုတွေကနေတဆင့် ကူးစက်တာလို့ သုံးသပ်ထားတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူပေါင်း ၄၁၁ ဦးထဲမှာ သံတွဲ၊ မောင်တော၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ စတဲ့မြို့နယ်တွေက ပညာရေးဌာန ဆရာ၊ ဆရာမ ခုနစ်ဦးနဲ့ ကျောင်းသားကျောင်းသူ ကိုးဦး၊ စုစုပေါင်း ၁၆ ဦးပါဝင်ပြီး အားလုံးကို ဆေးရုံနဲ့နေအိမ်တွေမှာ သီးသန့်စောင့်ကြည့်နေတယ်လို့ ရခိုင်ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။

"လောလောဆယ်က မောင်တောနဲ့ ဘူးသီးတောင်မှာ တွေ့ရတဲ့သူအများစုကတော့ ဆက်စပ်သူအနေနဲ့ တွေ့ရတာဖြစ်ပါတယ်"

ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့ အထက(ခွဲ)လင်းသာနဲ့ ကျောက်ဖြူမြို့နယ်က ဝက်တောပြင် မူလတန်း ကျောင်းကို ယာယီရပ်ထားတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က စာသင်နှစ်တစ်နှစ်လုံး ကျောင်းတွေပိတ်ထားခဲ့ရလို့ ကလေးတွေအတွက် ပညာရေးနစ်နာပြီး အချို့ကလေးတွေဆိုရင် လမ်းဘေးကိုရောက်သွားတာကြောင့် ကျောင်းတွေကို ပိတ်မှာမဟုတ်ဘူးလို့လည်း ရခိုင်ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောပါတယ်။

“ကျွန်တော်တို့ ပညာရေးဌာနမှာ ကျောင်းတွေကို ပိတ်ထားခဲ့ရတဲ့အတွက် ကလေးတွေရဲ့ ပညာသင်ကြား မှုဟာ အင်မတန်မှ ဆုံးရှုံးပါတယ်။ အလွန်တရာမှ ဆုံးရှုံးသွားတဲ့အတွက် အချို့ကလေးတွေဟာ လမ်းဘေး ကို ရောက်သွားတာတောင်ရှိပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မှုအရ ကျွန်တော်တို့ဟာ ကျောင်းတွေကို အတတ်နိုင်ဆုံး မပိတ်ဘဲနဲ့ထားမယ်။ ခုနကပြောတဲ့ ကျောင်းတွေကို ပိတ်ထားတယ်ဆိုတာ မဟုတ်ဘူး။ တကယ်လို့ ကိုဗစ်တွေ့ရှိရင်တောင်မှ ယာယီ လူစည်း ခြားထားတဲ့ သဘောနဲ့ပဲ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျောင်းပိတ်ပါသည်ဆိုတဲ့သဘောမျိုး မျှော်လင့်နေ လို့တော့ မရပါဘူး။ ကျွန်တော်တို့ ယာယီပိတ်ထားခြင်းသာဖြစ်ပါတယ်။ ပိတ်ထားတယ်ဆိုတာကလည်း စည်းခြားထားတာသာဖြစ်ပါတယ်”

ကျောင်းတွေကို ကိုဗစ်စည်းကမ်းတွေနဲ့အညီဖွင့်ထားပြီး တစ်ချို့ကျောင်းတွေမှာ ကျောင်းသားဦးရေများလို့ အသုတ်လိုက်ခွဲပြီး ဖွင့်နေတယ်လို့လည်း ပြောပါတယ်။

ကျောင်းတွေအားလုံးကို ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာမှုရှိ၊ မရှိကိုလည်း ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ အနံ့မရနဲ့ဖျားတာလောက်သာတွေ့ရပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မတွေ့ရဘူးလို့ ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင်က ပြောပါ တယ်။

မောင်တောဒေသမှာ တွေ့ရှိထားတဲ့ ပိုးကူးစက်ခံရသူအများစုကတော့ ဘာလက္ခဏာမှ မပြဘူးလို့လည်း ဒေါက်တာ ကြည်လွင်က ပြောပါတယ်။

“ကျွန်တော်တို့ လောလောဆယ်က မောင်တောနဲ့ ဘူးသီးတောင်မှာ တွေ့ရတဲ့သူအများစုကတော့ ဆက်စပ်သူအနေနဲ့ တွေ့ရတာဖြစ်ပါတယ်။ သူတို့မှာ ရောဂါလက္ခဏာပြတဲ့သူက နှစ်ယောက်၊ သုံးယောက်လောက်ပဲရှိပါတယ်။ ဒီသုံးယောက်ကလည်း ပြင်းပြင်းထန်ထန် မရှိပါဘူး။ သာမန် အနံ့ပျောက်တာလောက်ပါပဲ။ အနံ့ပျောက်၊ ကိုယ်နည်းနည်းပူပြီး ကောင်းသွားတဲ့ သဘောရှိပါတယ်။ လူရာနဲ့ချီတွေ့တယ်ဆိုပေမယ့် အများစုကတော့ ဘာရောဂါလက္ခဏာမှ မရှိပါဘူး။ ဒါကလည်း ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

ကိုရိုနာဗိုင်းရပ်စ်ဟာ လူထုအတွင်းမှာ ဘာရောဂါလက္ခာမှမပြဘဲ ပျံ့နှံ့နေပြီး ကိုယ်ခံအား မကောင်းတဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေကို ဒုက္ခပေးနိုင်တာကြောင့် ကာကွယ်ရေးစည်းကမ်းတွေကို အားလုံးလိုက်နာကြဖို့လိုတယ် လို့လည်း ဒေါက်တာ ကြည်လွင်ကပြောပါတယ်။

sittwe-market.jpg
(စစ်တွေမြို့မှာ မြို့ဈေးကြီးတစ်နေရာကို ၂၀၂၁ ဇူလိုင် ၅ ရက်နေ့က တွေ့ရစဉ်)



မင်းပြားမြို့နယ်က ကလေးတစ်ဦးဟာဆိုရင် ဘာလက္ခဏာမှမပြပေမယ့် မိဘတွေနယ်ပြောင်းဖို့အတွက် စစ်ဆေးရာကနေ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ အခြားတိုင်း၊ ဒေသအခြေအနေနဲ့နှိုင်းယှဉ်ရင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအနည်းဆုံး အခြေအနေဖြစ်ပေမယ့် ထပ်ကြပ်မကွာ သတိထားစောင့်ကြည့်နေတယ်လို့လည်း ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့