ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါ ကူးစက်ခံရမှု ပိုများလာ

RFA Burmese
2025.01.08
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ အရေပြားရောဂါ ကူးစက်ခံရမှု ပိုများလာ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒီရက်ပိုင်းအတွင်း အရေပြားရောဂါ ကူးစက်ခံရမှု ပိုများလာနေပြီး ဆေးကုသဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ကျောက်တော်၊ မင်းပြားအပါအဝင် မြို့နယ်အများစုက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လွန်ခဲ့တဲ့ လေးလလောက်ကစပြီး အရေပြားယားနာရောဂါ ကူးစက်ခံနေရတာပါ။

စစ်ဘေးဒုက္ခသည်စခန်းတွေက ကလေးအများစု ကူးစက်ခံနေရတာဖြစ်ပြီး စနစ်တကျ ဆေးကုပေးဖို့ လိုအပ်တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာမှာ စစ်ဘေးရှောင်စခန်းအများစုမှာ ဖြစ်နေတယ်။ ပြီးတော့ ကလေးတွေ ဖြစ်တာများတယ်။ အဓိကအကူအညီက ဒီရောဂါနဲ့ပတ်သက်ပြီး ဓာတ်ခွဲခန်းမှာ စနစ်တကျစမ်းသပ်ဖို့ လိုတယ်လို့ မြင်တယ်။ တချို့ကလေးတွေက ဆေးဝါးတွေနဲ့ ကုလို့ကောင်းတာ ရှိတယ်။ တချို့ကလေးတွေက မကောင်းဘူး။ ဒါပေမဲ့ ဒီယားနာနဲ့ပတ်သက်ပြီး အသေအပျောက်တော့မရှိဘူး”

သောက်သုံးရေ မလုံလောက်တာအပါအဝင် သန့်ရှင်းရေးအားနည်းတာကြောင့် ရောဂါကူးစက်ခံရတာတွေ ပိုများလာနေတာလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဆေးဝါးစရိတ်ကြီးမြင့်တာနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် လိုအပ်တဲ့ဆေးဝါးတွေ ထောက်ပံ့ကူညီဖို့ အခက်အခဲဖြစ်နေတယ်လို့ ပရဟိတလုပ်နေသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အလားတူပဲ မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ် ယောဒေသက စစ်ဘေးဒုက္ခသည်စခန်းတွေအပါအဝင် ရှမ်း-ကယားနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာလည်း ကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ဖြစ်ပွားနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။