ရခိုင်ပြည်နယ်၊ အမ်းမှာ မိုင်းနင်းမိလို့ ဒေသခံတစ်ဦး ဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ် အမ်းမြို့နယ် သရက်ပြင်ချောင်းရွာအနီးမှာ ဒီနေ့မနက်က မိုင်းနင်းမိလို့ ရွာခံအမျိုးသားတစ်ဦး ယာဘက်ခြေထောက်ပြတ်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားပါတယ်။

ဒဏ်ရာရရှိသူဟာ အသက် ၄၂ နှစ်အရွယ် ဦးသိန်းဌေးဖြစ်ပြီး ဒီနေ့မနက် ၇ နာရီလောက်က ရွာခံ အမျိုးသား နှစ်ဦးနဲ့အတူ ရွာအနောက်ဘက် ၁ မိုင်ကျော်ခန့်အကွာမှာရှိတဲ့ တောင်မှာ ကြိမ်ခုတ်ဖို့ သွားရာကနေ တောင်စောင်းတစ်နေရာမှာ မိုင်းနင်းမိခဲ့တာလို့ ဇနီးဖြစ်သူ ဒေါ်လွယ်လေး ကပြောပါတယ်။

ဒဏ်ရာရသူကို မြေပုံမြို့နယ် ကမ်းထောင်းကြီးဆေးရုံကို တင်ထားရပါတယ်။ ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို မနက်ဖြန် ဆက်လက်ပို့ဆောင်ဖို့စီစဉ်နေပါတယ်။

အခုမိုင်းနင်းမိတဲ့နေရာအနီးမှာ အရင်က ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့တာရှိပေမယ့် အခုနင်းမိတဲ့မိုင်းဟာ ဘယ်အဖွဲ့ကထောင်တဲ့မိုင်းဆိုတာ မသိနိုင်ဘူးလို့လည်း ဒေါ်လွယ်လေးက ပြောပါတယ်။

မိုင်းနင်းမိခဲ့တဲ့ ဦးသိန်းဌေးဟာ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူဖြစ်ပြီး အခုလိုလယ်ယာ တွေ ရိတ်သိမ်းပြီးတဲ့ကာလမှာ တောတောင်တွေထဲမှာ ကြိမ်ခုတ်ပြီးရောင်းချတဲ့အလုပ်ကို ဆက်လက်လုပ်ကိုင် နေသူလည်းဖြစ်ပါတယ်။