ရခိုင်ဝန်ကြီးနှစ်ဦးကို အရေးယူဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြား


2018.08.16
rakhine-government-office-622.jpg ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနဲ့ စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို အရေးယူပေးဖို့ မြောက်ဦးမြို့က ကုမ္ပဏီလုပ်ငန်းရှင်တွေက နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။

မြောက်ဦးခရိုင်အတွင်းက လုပ်ငန်းတင်ဒါတွေချပေးရာမှာ မရိုးသားမှုတွေရှိခဲ့တယ်ဆိုပြီး အရေးယူဖို့ တိုင်ကြားတာလို့ တိုင်ကြားရာမှာပါဝင်တဲ့ မြောက်ဦးမြို့ခံ ဦးနှင်းထွန်းတိုး ကပြောပါတယ်။

"တင်ဒါအပေါ်မှာ မရိုးသားမှုရှိတယ်ဆိုပြီးတော့ ဝန်ကြီးချုပ်ကို သွားတွေ့တယ်။ တိုင်လည်းတိုင်တယ်။ ကုမ္ပဏီ ၁၈ ယောက်က လက်မှတ်ထိုးပြီးတော့ တိုင်ထားတယ်။ ဝန်ကြီးချုပ်နဲ့တွေ့ပြီးတော့ ကျနော်တို့ဆွေးနွေးတယ်။ ဝန်ကြီးချုပ်ကတော့ ကျနော်တို့ကိုပြန်ပြောလိုက်တာပေါ့။ ဒီဟာအပေါ်မှာ သူပြန်လည်သုံးသပ်ပြီးတော့ ပြန်လည်စိစစ်မယ်ဆိုပြီးတော့ ကျနော်တို့ကိုပြောပြလိုက်တယ်။ သူ့ကိုယုံကြည်လို့ ကျနော်တို့စောင့်နေကြတယ်။ သူတို့ဘယ်လိုစစ်ဆေးမှာလဲ။ ဘယ်လိုလာပြီးတော့ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းချပြမှာလဲ ဒီတင်ဒါလုပ်ငန်းအပေါ်မှာ။ ဝန်ကြီးချုပ်လည်းမလာဘူး၊ ဝန်ကြီးလည်းမလာဘူး။ အဲဒါကြောင့် ကျနော်တို့က မကျေနပ်တဲ့အတွက် အခုအဂတိကို တိုင်တာပါ။ အဲဒီအပေါ်မှာ တစ်စုံတစ်ခုကျနော်တို့ နစ်နာမှုလည်းရှိပါတယ်"

ဝန်ကြီးဦးကျော်အေးသိန်းဟာ မြောက်ဦးခရိုင်အတွင်းက လုပ်ငန်းအချို့နဲ့ပတ်သက်ပြီး တင်ဒါလျှောက်ထားခြင်း မရှိတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းတင်ဒါချပေးတာ၊ တင်ဒါစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ကုမ္ပဏီကို ဘက်လိုက် ပြီး တင်ဒါချပေးတာ စတဲ့မသာမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ဆောက်လုပ်ရေးကုမ္ပဏီ ၇ ခုလောက်က ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်ကြားထားတာလို့ပြောပါတယ်။

ဝန်ကြီး ဦးဝင်းမြင့်ကလည်း မြောက်ဦးမြို့နယ်ခန်းမ ဆက်စပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တင်ဒါချပေးရာမှာ မရိုးသားမှုတွေရှိခဲ့တာကြောင့် ငွေကျပ် သိန်း ၅၀၀ လောက် နစ်နာမှုရှိခဲ့တယ်ဆိုပြီး နစ်နာမှုရှိခဲ့တဲ့ ဦးနှင်းထွန်းတိုးက တိုင်ကြားတာဖြစ်တယ်လို့သိရပါတယ်။

စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က သူ့မှာအပြစ်ရှိရင် ခံယူဖို့အဆင်သင့်ပဲလို့ပြောပါတယ်။

"တိုင်ကြားတယ်ဆိုတဲ့ဟာ တိုင်ကြားလို့ရပါတယ်။ ဒါသူတို့ရဲ့လုပ်ပိုင်ခွင့်ပါ။ သူတို့ရဲ့အခွင့်အရေးပါ။ ကျွန်တော့အနေနဲ့ကလည်း အဂတိတိုက်ဖျက်ရေးက ကျွန်တော့ကိုဒီဟာနဲ့ ငြိစွန်းတယ်ဆိုလို့ရှိရင် စစ်ဆေးပိုင်ခွင့်ရှိတယ်။ စစ်ဆေးပြီးတော့ အဂတိမြောက်တယ်ဆိုလို့ရှိရင် တရားစွဲဆိုပိုင်ခွင့်ရှိတယ်။ တရားစွဲဆိုပြီးတော့ ကျလာတဲ့ပြစ်ဒဏ်ကိုလည်း ခံယူဖို့အဆင်သင့်ပဲ"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းဟာ တာဝန်ကနေရပ်စဲဖို့ ပြီးခဲ့တဲ့ဇွန်လ၂၉ ရက်နေ့က  ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ဝန်ကြီးတာဝန်ကို ဆက်လက်ထမ်းဆောင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။