အကျဉ်းကျ ရခိုင်ဆရာတော်အမှု နေပြည်တော်မှာ အယူခံမည်

မကွေးတိုင်း သရက်အကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခံထားရ တဲ့ စစ်တွေမြို့ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ဆရာတော် ဦပညာစာရ အမှုအတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှာ မကြာခင် အထူးအယူခံ ဝင်သွားမယ်လို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က RFA ကို ပြောပါတယ်။

2011.07.10
pyinnyasara_rakhine_monk_305_z မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက် (စစ်တွေမြို့) ဆရာတော် အသျှင် ပညာစာရ။ (Photo: freedomburma.org)
Photo: freedomburma.org

“ရခိုင်ပြည်နယ် တရားလွှတ်တော်က လက်မခံသင့် ဆိုတဲ့အမိန့်နဲ့ နှစ်မှုစလုံးကို ပ,လပ်လိုက်တာပါ။ အဲဒီတော့ ဒီလို ပ,လပ်လိုက်တာနဲ့ ပတ်သက်ပြီး နေပြည်တော် တရားလွှတ်တော်ချုပ်ကို အထူးအယူခံ တက်ရောက်ဖို့ အစီအစဉ် ရှိပါတယ်။ ထောင်ထဲမှာလည်း တနှစ်ကျော် ကြာသွားပြီဆိုတော့ မြန်မြန်ဆန်ဆန် တက်ရောက်နိုင်ဖို့ စီစဉ်ရမှာပါ”

ဆရာတော်ရဲ့အမှုကို ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ ကြားနာဖို့ လျှောက်ထားချက်ကို လက်မခံနိုင်ကြောင်း ပြည်နယ် တရားလွှတ်တော်က ဇွန်လ ၂ ရက်နေ့က တရားဝင် ပ,လပ် လိုက်တဲ့အတွက် အခုလို နေပြည်တော်မှာ အထူးအယူခံ ဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ အမှုကို အမြန်ဆုံး အယူခံ ဝင်နိုင်ရေးအတွက် သွားရေးလာရေး စရိတ်စက အပါအဝင် ငွေကြေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရှေ့နေက ပြောပါတယ်။

သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ ဝါ ရှိပြီဖြစ်တဲ့ ဆရာတော် ဦးပညာစာရကို နိုင်ငံရေး စာရွက်စာတမ်းတွေနဲ့ အတူ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်း စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးပြီး ထောင်ဒဏ် ၈ နှစ်နဲ့ ၃ လ၊ ဒဏ်ငွေ ၁ သောင်း ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဆရာတော်ကို အာဏာပိုင်တွေက မိသားစုနဲ့ဝေးတဲ့ သရက်ထောင်ကို ပို့ဆောင်လိုက်တဲ့အတွက် ထောင်ဝင်စာ သွားရောက် တွေ့ဆုံမယ့်သူ မရှိတာကြောင့် ကျန်းမာရေးနဲ့ စားသောက်နေထိုင်မှု အခြေအနေတွေကို မသိရဘူးလို့လည်း ရှေ့နေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။