ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ဟာ ဂွမြို့နယ်က တပ်ရင်းတစ်ခုမှာ ထိန်းသိမ်းခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီက တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က RFA ကိုပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ဇနီးနဲ့ သမီးကိုပါ မနေ့ မနက် ၅ နာရီလောက်မှာ တပ်က အလားတူခေါ်သွားပေမယ့် ပြန်လွှတ်ပေးလိုက်တာကို ၁၀ နာရီလောက်မှာ သိရတယ်လို့ ဦးမင်းအောင်ကပြောပါတယ်။
"မနက် ၄ နာရီ ၅ နာရီလောက်မှာတော့ ဂွက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဧည့်ရိပ်သာမှာ ဝန်ကြီးချုပ် ရှိနေတဲ့အချိန်မှာ တပ်ကိုခေါ်သွားတယ်လို့ သိရတယ်ဗျ။ နောက် မနက် ၅ နာရီခွဲ ၆ နာရီဝန်းကျင်လောက်မှာ (သူ့ရဲ့)မိသားစုအိမ်ကို တပ်ကဝိုင်းပြီးတော့ ခေါ်သွားတယ်လို့သိရတယ်။ ဒါပေမယ့် မိသားစုကို ခေါ်သွားပြီးနောက် ၇ နာရီလောက်မှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်သွားတဲ့အခါ ၁၀ နာရီလောက် ပြန်မိတဲ့အချိန်မှာတော့ မိသားစု ဇနီးနဲ့သမီးတွေ အိမ်ပြန်ရောက်နေတာကို သိရတယ်။ သိရတော့ ဂွကစစ်တပ်တစ်တပ်ထဲမှာ သူ့ရဲ့အဖေကို ထိန်းသိမ်းထားတယ် ဆိုပြီးတော့ သိရပါတယ်"
အလားတူ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကိုလည်း တပ်မတော်က မနေ့မနက်အစောပိုင်းမှာ နေအိမ်ကနေ ခေါ်ယူထိန်းသိမ်းတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ကပြောပါတယ်။
မနက် ၁၀ နာရီလောက်မှာတော့ ဒေါ်ခင်စောဝေ ပြန်လွတ်လာတယ်လို့ ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကပြောပါတယ်။
“ဒေါ်ခင်စောဝေ ပြန်လွတ်လာပြီဆိုတဲ့ဟာကို လောလောဆယ်မှာ ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ သူပြန်လွတ်လာပြီ၊ အေးအေးဆေးဆေးပါပဲဆိုတဲ့ဟာကို ဖုန်းဆက်တဲ့အတွက် ကျွန်တော်ကတော့ သူလွတ်လာတယ် ဆိုတဲ့ဟာကို အတည်ပြုလို့ရပါတယ်”
ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကတော့ ဒီနေ့ညနေပိုင်းအထိ ပြန်လွတ်မလာသေးသလို သူ့ကိုဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးကြောင်း ဦးခိုင်ပြည်စိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိသွားနေတဲ့ ဒီမိုကရေစီခရီးလမ်းမှာ တပ်မတော်က အာဏာလွှဲယူလိုက်ရတယ် ဆိုတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့လည်း ဦးခိုင်ပြည်စိုးကဆိုပါတယ်။
"NLD အစိုးရကလည်း အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်မဖော်နိုင်ဘူး။ အကောင်အထည် မဖော်နိုင်တဲ့အတွက်ကြောင့် ဒီလိုပြဿနာပေါင်းစုံ တက်လာတယ်လို့ပဲ ကျွန်တော် သုံးသပ်တယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် အခုအာဏာသိမ်းလိုက်ပြီ။ ဒီအာဏာသိမ်းမှုကိုတော့ခါ ကျွန်တော့အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီမိုကရေစီအခင်းအကျင်းမှာတော့ မကောင်းဘူး။ အဲတော့ ဒီအာဏာသိမ်းတဲ့ တပ်မတော်ကကော ဒီအမျိုးသားရင်ကြားစေ့ရေးကို ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတဲ့ဟာကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်"
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထဲက အခြားဘယ်သူတွေ ထိန်းသိမ်းခံထားရသလဲဆိုတာကိုတော့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် တိတိကျကျမသိရသေးပါဘူး။
လက်ရှိ ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ပြည်နယ်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ တပ်မတော်က လုံခြုံရေးတွေ ချထားတာတွေ့ရပါတယ်။ အချို့လမ်းဆုံတွေမှာ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူထားတာကို တွေ့ရပေမယ့် ဒေသခံတွေကတော့ လမ်းတွေမှာ ပုံမှန်အတိုင်းသွားလာနေတာတွေကို တွေ့ရပါတယ်။