တပ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ရသေ့တောင်အမျိုးသမီး ပြောကြား၊ တပ်မတော် ငြင်းဆို


2020.07.03

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ တပ်မတော်သား ၃ ဦးရဲ့ အဓမ္မပြုကျင့်တာကို ခံခဲ့ရတယ်လို့ အသက် ၃၆ နှစ်အရွယ် သားသမီး ၄ ယောက်ရဲ့ မိခင်တစ်ဦးဖြစ်သူ ကာယကံရှင်အမျိုးသမီးက RFA ကို ဇူလိုင်လ ၂ ရက်နေ့ က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ည ၁၁ နာရီအချိန်လောက်မှာ သမီး၊ မြေး၊ အဒေါ်၊ အစ်မ၊ ယောက္ခမတို့နဲ့အတူ အိမ်အောက်ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေစဉ် တပ်မတော်သား ၄ ဦးက အိမ်ထဲကို ဝင်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

သေနတ်တွေကို မောင်းတင်ပြီး နေအိမ်အောက်တွေကို ဓာတ်မီးတွေနဲ့ထိုးကြည့်ရာကနေ ကလေးကထငိုတဲ့ အတွက် တပ်မတော်သားတွေက သူတို့ကို ရှာတွေ့သွားတာလို့လည်း ဆိုပါတယ်။

မှတ်ပုံတင်စစ်မယ်လို့အကြောင်းပြပြီးနောက် သူ့ကိုတစ်ဦးတည်း ဘေးအိမ်ကို ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ခဲ့ကြတာလို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။

“အသေခံမလား သူတို့ရဲ့ဆန္ဒကို လိုက်လျောမလားဆိုပြီး ကျွန်မကို ပြောတယ်။ ကျွန်မကတော့ သူတို့ပြောတာကို ငြင်းတယ်။ ငြင်းလို့ ထွက်ပြေးရင် သတ်ပစ်မယ်လို့ သေနတ်တွေ ဓားတွေနဲ့ ခြိမ်းခြောက်ပါတယ်။ ကျွန်မက ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ်။ ထွက်ပြေးဖို့ကြိုးစားတဲ့ခါ ဗမာစစ်သားရှေ့က တစ်ယောက်  နောက်ကတစ်ယောက်က ကျွန်မကို ချုပ်ပြီး လိုက်လျောမလား မလျောဘူးလား ခြိမ်းခြောက်ပြီးတော့ပြောတယ်။ ကျွန်မဘဝကို သူတို့ကို မပေးဆပ်လိုက်ရရင် ကျွန်မအသက်အန္တရာယ် စိုးရိမ်ရတယ်။ ကျွန်မတို့မိသားစု ဆွေမျိုးတွေကို သူတို့သတ်ပစ်မယ်။ အဲဒါကို ငဲ့ညှာပြီးတော့ ကျွန်မဘဝကို ပေးလိုက်ရတယ်။ ပေးအပ်တဲ့အခါ သူတို့ ကျွန်မကို ကြိုက်သလုပ်ကြတယ်။ အဲဒီလို အဓမ္မပြုကျင့်တယ်”

ဒီကိစ္စကို ဘယ်သူ့ကိုမှထုတ်မပြောဖို့နဲ့ မုန့်ဖိုးငွေနှစ်သောင်းကျပ်ယူသွားလို့ပြောပြီး ည ၁ နာရီလောက်မှာ မူလနေရာဖြစ်တဲ့ ဗုံးခိုကျင်းထဲကို ပြန်ပို့ခဲ့ကြတယ်လို့ဆိုပါတယ်။

တပ်မတော်သားတွေက အမေဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြပြီးနောက် သမီးဖြစ်သူကိုလည်း ထပ်မံပြီး အဓမ္မပြု ကျင့်ဖို့အတွက် ဗုံးခိုကျင်းထဲကနေ အဓမ္မခေါ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူဟာ ကလေးမွေးထားတာ ၆ ရက်သာရှိသေးသလို ယောက္ခဖြစ်သူက အဓမ္မပြုကျင့်ဖို့ခေါ်သွားတဲ့ နေရာနောက်ကို လိုက်သွားပြီးနောက်မှာတော့ သမီးဖြစ်သူကို ပြန်လွတ်လာတယ်လို့ သူကဆက်ပြောပါတယ်။

“ကျွန်မသမီးကိုလည်း လာခေါ်တယ်။ သမီးခမျာ ငိုယိုလို့ မသွားလိုဘူး။ မသွားလိုတဲ့အတွက် သူတို့ကသေနတ်တွေကို မောင်းတင်ပြီးတော့ ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ အကုန်လုံးကို သတ်ပစ်မယ် အဲဒီလိုပြောတယ်။ ကျွန်မသမီးလည်း ငိုယိုပြီးတော့ သူတို့အဓမ္မခေါ်တဲ့အခါ သွားလိုက်ရတယ်။  ကျွန်မသမီးမှာ ကလေးမွေးဖွားထားတာ ခြောက်ရက်ပဲ ရှိသေးတယ်။ သူ့ကိုဘယ်လို တားဆီးရမလဲဆိုတာကို ကျွန်မ အမျိုးမျိုးစဉ်းစားတယ်။ သမီးနောက်ကိုလည်း သူတို့ကမလိုက်စေရဘူး။ ကျွန်မယောကျာ်းရဲ့ အစ်မဖြစ်သူကို သမီးလေးကို ကျွန်မလိုမဖြစ်စေချင်ဘူး၊ ကျွန်မကတော့ကြုံခဲ့ရပြီလို့ ပြောပြတယ်။  အဲဒီလိုပြောနေတုန်း ကျွန်မ ယောက္ခမကနောက်ကနေလိုက်သွားတယ်။ ကျွန်မသမီးကိုလည်း သူတို့က လိုက်လျောခိုင်းတယ်။ ကျွန်မသမီးက ငိုလို့ယိုလို့။ ကျွန်မသမီးဆီကို ကျွန်မယောက္ခမက ရောက်သွားတော့ သူ့ကိုပြန်လွှတ်လိုက်တယ်။ သူတို့ ကျွန်မသမီးကို အဓမ္မမပြုကျင့်ခဲ့ရဘူး။ ကြံစည်ခဲ့ကြတာပေါ့”

သူမရဲ့အမျိုးသားကတော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကပင် ထိုင်းနိုင်ငံဘက်ကို အလုပ်သွားရောက်လုပ်ကိုင် နေတယ်လို့ဆိုပါတယ်။ တပ်မတော်သားတွေက ထပ်မံပြီး သမီးဖြစ်သူကို အကြိမ်ကြိမ်လာရောက်ခေါ်ထုတ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ သမီးဖြစ်သူဟာ အဓမ္မပြုကျင့်ခံရတဲ့ အခြေအနေက လွတ်မြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတပ်မတော်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ကံပြင်ကျေးရွာဘက်ကနေ ဦးဂါရွာထဲ ကို သေနတ်တွေပစ်ခတ်ပြီးတော့ ဝင်ရောက်လာခဲ့ကြတာလို့ ဒေသခံကျေးရွာသားတွေကပြောပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ အေအေအဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးလေ့ရှိတာကြောင့် တပ်မတော်စစ်ကြောင်းရွာထဲကိုမရောက်ခင် နာရီဝက်လောက်အလိုမှာ အမျိုးသားတွေအပါအဝင် ကျေးရွာသားအများအပြားဟာ အခြားနီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိတ်ဆွေရင်းတစ်ဦးက ရက်သားအရွယ် ကလေးငယ်ကြောင့် သူတို့ကို အတူမခေါ်နိုင်ဘဲ ထားခဲ့ရာမှာ အခုလိုကြုံတွေ့ခဲ့ရတာလို့ ပြောပါတယ်။

“ ညနေ ၅ နာရီကျော်လောက်မှာ ကျွန်တော်တို့ရွာနဲ့အနီးမှာရှိတဲ့ ကန်ပြင်ရွာကနေ သူတို့တက်လာ တယ်။ သူတို့တက်လာတော့ ကျွန်တော်တို့လည်း တစ်ခြားရွာတွေကိုရှောင်ပြေးလာတာပေါ့။ ကျွန်တော်ကလည်း သူ့မှာ မိသားစုလည်းရှိတယ်။ မွေးထားတဲ့ကလေးကလည်း ရက်ပိုင်းပဲရှိသေးတယ်ဆိုတော့ တခြားရွာတွေကို  ရွှေ့ဖို့ပြောင်းဖို့ကလည်း ခက်ခဲတယ်။ ဒီမှာနေလည်း လုံခြုံတယ်ဆိုပြီးထားခဲ့တယ်။ ကျွန်တို့ယောကျာ်းတွေက သူတို့ဆီမှာ အမြင်ခံလို့မရဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့လည်း ရှောင်လာရတာပါ”


တပ်မတော်စစ်ကြောင်းဟာ မနေ့က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၆ နာရီကျော်လောက်မှာ ရွာထဲကနေ ပြန်လည် ထွက်ခွာသွားကြတယ်လို့သိရပါတယ်။

အဲဒီလိုမထွက်ခွာခင်မှာ ရွာမှာရှိတဲ့ သက်ကြီးပိုင်းအရွယ်အမျိုးသား သုံးဦးကိုခေါ်ယူပြီး ရွာထဲမှာ မတော်မတရား လုပ်ခဲ့တာ ရှိသလားလို့ ဗီဒီယိုမှတ်တမ်းနဲ့မေးမြန်းခဲ့ရာမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်လို့ မရှိဘူးလို့ဖြေကြားခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

“မောင်မွှေးအောင်၊ ရွှေစန်အောင်၊ ကာချေမောင် အသက်ကြီးပိုင်း သုံးယောက်ကို ညနေ ၄ နာရီ လောက် မှာ ဘုန်းကြီးကျောင်းကိုခေါ်သွားတယ်။ ဗိုလ်ကြီးတစ်ယောက်က မေးတယ်တဲ့။ ရွာမှာ တညအိမ်ခဲ့တာ ဘာအပြစ်တွေရှိလည်းလို့ သူတို့လည်းကြောက်လို့ မရှိဘူးလို့ပြောတာပေါ့။ ရွှေ၊ ငွေ ရတနာတွေ၊ ကြက်ငှက်တွေ ကို ခိုးယူတာတွေရှိလား ဆိုလည်း မရှိဘူးလို့ဖြေလိုက်တာပေါ့။ နောက် အဓမ္မပြုကျင့်တာတွေရှိလား ဆိုပြီးတော့ မေးတယ်။ မရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါကို ဗွီဒီယိုရိုက်လို့ မေးတာပါ”


အခုလို တပ်မတော်သားတွေက အဓမ္မပြုကျင့်ခံရတဲ့ကိစ္စအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးအချို့ကို အသိပေးတိုင်ကြားထားသလို သက်သေအထောက်အထားအနေနဲ့ သုတ်သွေးတွေပေကျံနေတဲ့ လုံချည်ကိုပါ သိမ်းဆည်းထားတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

လက်ရှိမှာ အဲဒီအမျိုးသမီးကို လုံခြုံတဲ့နေရာတစ်ခုမှာစောင့်ရှောက်ထားတယ်လို့ အကူအညီပေးသူအချို့က ပြောဆိုပြီး သူ့ရဲ့လုံခြုံရေးအရဆိုပြီးတော့ အသေးစိတ်အခြေအနေကို ထုတ်ဖော်ပြောဖို့ ငြင်းဆိုကြပါတယ်။

ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို RFA ကမနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ မသိသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကတော့ အဲဒီမနက် ဦးဂါရွာအနီးကို တပ်မတော်စစ်ကြောင်းသွားရောက်ခဲ့ပေမယ့် ညနေပိုင်းမှာ ပြန်ထွက်သွားတာကြောင့် ဒီစွပ်စွဲချက်ဟာ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။

“အဲဒါတော့ မဖြစ်လောက်ပါဘူး။ အဲဒီနေ့မနက်ကတပ်က အဲဒီရွာကို ရှင်းလင်းခြင်းလုပ်ပြီးတော့ တောင်ကုန်း ထက်ကိုပဲတက်လာတယ်။ အဲဒီရွာရဲ့အရှေ့ဘက်မှာတောင်ကုန်းရှိတယ် အဲဒီမှာ အေအေရှိတယ်လို့ သတင်းရလို့ အဲဒီကို သွားကြတယ်။ အဲတော့ ညဘက်မှာ အဲဒီရွာနားမှာတပ်မရှိဘူး။ အဲဒီရွာမှာ တပ်မရှိတာကို လုပ်ကြံပြီးတော့ ရေးနေကြတာပေါ့။ အဲဒါကို သူက တရားဝင်တရားစွဲရမယ်။ လုပ်ရမယ့်လုပ်ထုံးလုပ်နည်းက သူကအမှုဖွင့်ရမယ်။ သူကအမှုဖွင့်တာမလုပ်ဘဲနဲ့သူက သွားပုပ်လေလွင့်ပြောသလိုဖြစ်နေတာလေ။ အဲတော့သူကအမှုဖွင့်လာရင် ဆေးမှတ်ချက်တွေယူပြီးတော့ မှန်ရင်လည်းမှန်တဲ့အတိုင်း လာရမယ်။ အခုကသူကအဲလိုလုပ်တာမရှိဘူး။ သူ့ဘက်က ပွင့်လင်းမှု၊ တရားဝင်လုပ်မှုမရှိဘူးလေ။ ဘယ်သူပဲဖြစ်ဖြစ် မုဒိမ်းကျင့်ခံရတယ်ဆိုရင် အကျင့်ခံရတဲ့သူက ရဲစခန်းမှာတိုင်ကြားနိုင်တယ်။ တိုင်ကြားရင် ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ စစ်ဆေးမယ်။ ဒါမျိုးပဲသွားရမှာလေ။ အခုဒီကိစ္စစိစစ်လိုက်တော့ တပ်ကလည်းအဲဒီမှာမရှိဘူး။ အဲဒီနေ့ညက တပ်က အဲဒီမှာအိပ်တာမရှိဘူး။ တပ်က တောင်ကုန်းပေါ် တက်သွားတာ”


တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က အသေးစိတ်စုံစမ်းခဲ့ရာမှာ ဒီဖြစ်စဉ်မျိုးဖြစ်ပွားတာမရှိဘူးလို့ RFA ကို မနေ့ညနေက ပြောဆိုခဲ့ပါ တယ်။

“ရသေ့တောင်ကိစ္စက နယ်မြေမှာ လုံခြုံရေးစစ်ဆေးမှုတွေ စတင်ဆောင်ရွက်တိုင်း အဲဒီဘက်သတင်းဌာနတွေက အမြဲတမ်းဖွနေတဲ့ဟာတွေ ဖြစ်တယ်။ အမြဲတမ်းဖွနေတဲ့အတွက်ကြောင့် ပုံကြီးချဲ့ပြီးတော့မှ လူတွေ ထွက်ပြေးတဲ့ ပုံစံမျိုးပေါ့နော်။ တချို့တိမ်းရှောင်တဲ့လူတွေမရှိမဟုတ်ဘူး ရှိတယ်။ ဒါကိုပုံကြီးချဲ့ပြီးတော့ လုပ်နေတာရှိတယ်။ ဒါကိိုအရှိန်မြှင့်ပြီးတော့မှ အခုအချိန်မှာ မုဒိမ်းလို ဥစ္စာမျိုးပေါ့ဗျာ အဓမ္မပြုကျင့်တယ်ဆိုတဲ့ ပုံစံမျိုးအထိ စွပ်စွဲလာတာဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့အနေနဲ့ ရွာတွေကို နောက်ပိုင်းမှာ လုံခြုံရေးအရ စစ်ဆေးမှုလုပ်တဲ့အခါမှာ စစ်ဆေးမှုအထောက်အထားတွေ၊ သက်သေတွေယူပြီးတော့ ဆောင်ရွက်လေ့ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ပြန်လည်ပြီးတော့မှ မနက်ကတည်းက ဒီသတင်းဖြစ်နေတာကို သိတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့မှ မြေပြင်မှာ သေချာစုံစမ်းစစ်ဆေးတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးကိစ္စတွေကို ခွင့်လွှတ်ရိုးထုံးစံမရှိဘူး မှန်ခဲ့ရင်။ ဒါကြောင့်မို့လို့ ဒီကိစ္စ စုံစမ်းစစ်ဆေးပါတယ်။ ဖြစ်စဉ်မမှန်ကြောင်းအတည်ပြုနိုင်တော့မှ ကျွန်တော်တို့ကထုတ်ပြန်တာဖြစ်ပါတယ်”


တပ်မတော်သားတွေက ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းဟာ ဒေသတွင်းမှာ အတော်များများ ပျံ့နှံ့နေတာကြောင့် ဒီဖြစ်စဉ်အမှန်တကယ် ဖြစ်ပွားခြင်းရှိ၊ မရှိဆိုတာကို သီးခြားစုံစမ်းလေ့လာမှုတွေ လုပ်ဖို့ လိုနေတယ်လို့လည်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

၂ဝ၁၈ ခုနှစ် သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီအရင်ခံစာမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် တပ်မတော်သားတွေအနေနဲ့  မူဆလင်ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုတွေ ရှိကြောင်း ဖော်ပြထားသလို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး HRW ကလည်း ထွက်ပြေးလာသူ အမျိုးသမီးတွေကို တွေ့ဆုံမေးမြန်းပြီး ၂ဝ၁၇ နိုဝင်ဘာလက အစီအရင်ခံစာတွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။