လာမယ့် မေလ မုတ်သုန်ရာသီမစခင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရာရွှေ့ပြောင်းခံရသူ တစ်သိန်းခွဲနီးပါး အတွက် အရေးပေါ်အကူအညီ အစီအမံတွေ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
မကြာခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ္စတာ John Ging က ဒုက္ခသည်တွေဟာ လယ်ကွင်းတွေထဲမှာ စခန်းဖွင့်ပြီး နေထိုင်နေကြရတာကြောင့် မိုးရာသီ ရောက်တာနဲ့ ရေဘေးဒုက္ခကြုံတွေ့ကြရတော့မှာဖြစ်ပါတယ်၊ သူတို့ကို နေရာရွှေ့ပြောင်းဖို့လိုလာသလို၊ နေရပ်ပြန်ရေး၊ လွတ်လွတ်လပ်လပ်သွားလာနိုင်ရေးတွေအတွက်လည်း ဖြေရှင်းပေးဖို့လိုလာပြီ ဖြစ်ပါတယ်၊ ဒါမှ သူတို့ဘာသာသူတို့ ကိုယ့်ဘဝကိုယ် ပြန်ပြီး စတင်ထူထောင်နိုင်ကြမှာဖြစ်ပါတယ်လို့ နယူးယောက်မြို့ မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ အထူးသဖြင့် ဌာနေ ဝန်ထမ်းတွေ အခြိမ်းခြောက်ခံနေရတဲ့အပေါ် စိုးရိမ်မိကြောင်း၊ ဒါကြောင့် တွေ့ဆုံခဲ့ရတဲ့ မြန်မာအစိုးရ အရာရှိတွေကို ရခိုင်ပြဿနာမှာ ကုလသမဂ္ဂက ဆောင်ရွက်နေတဲ့ အကူအညီတွေအပေါ် ဒေသခံ တွေ အမြင်မမှားအောင် ရှင်းပြပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ပြောကြားပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက စတင်ဖြစ်ပွားခဲ့ပေမဲ့ အခုထိ လူ့အသိုင်းအဝိုင်းနှစ်ခု အကြားတင်းမာမှုတွေ လျော့ပါးမသွားသေးတာ၊ တိုးတက်မှုမရှိသေးတာတွေအပေါ် စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မစ္စတာ John Ging က ပြောပါတယ်။