စစ်တွေမြို့အနီးက ရွာနှစ်ရွာ ဖိအားပေး ပြောင်းရွှေ့ခံရ

RFA Burmese
2024.09.16
စစ်တွေမြို့အနီးက ရွာနှစ်ရွာ ဖိအားပေး ပြောင်းရွှေ့ခံရ ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးတောရွာမကျေးရွာ အဝင်အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ အနီးမှာရှိတဲ့ ရွှေပြည်သာနဲ့ ကျေးတောရွာနှစ်ရွာမှာ နေထိုင်သူတွေကို စစ်ကောင်စီတပ်က ဖိအားပေးပြောင်းရွှေ့စေခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်က ရွာထဲမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြောပါတယ်။

အဲဒီရွာတွေမှာ နေထိုင်သူအများစုဟာ ပြီးခဲ့တဲ့ မေလက ဗျိုင်းဖြူရွာစီးနင်းခံရတဲ့ အချိန်ကစလို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။ ဒါပေမဲ့ ငွေကြေးအခက်အခဲကြောင့် ရွာမှာပဲ ခိုကပ်နေထိုင်နေသူ သုံးရာခန့်ကို ထပ်မံရွှေ့ပြောင်းခိုင်းတာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ရွှေပြည်သာရွာအရှေ့၊ ကျေးတောရွာထိပ်နဲ့ ဆတ်ရိုးကျတံတားစတဲ့ နေရာတွေအပါအဝင် နေရာခြောက်ခုမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် ဒေသခံတွေ ရွာကိုမပြန်ရဲတော့ဘူးလို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခု ရွာသားတွေက ရွာထဲမဝင်ရတော့ဘူး။ ကျေးတောရွာနဲ့ ရွှေပြည်သာရွာရယ် ပြီးတော့ ဆတ်ရိုးကျတံတား အဲဒီနေရာတွေမှာ စခန်းခြောက်ခုတောင်ချထားတယ်။ ရွာသားတွေ အကုန်လုံးကတော့ စစ်တွေမြို့ပေါ်ကို ပြေးလာရတယ်။ သူတို့က အတင်းအဓမ္မပြောင်းခိုင်းတာလေ။ ပြီးရင် ဘုန်းကြီးကျောင်းတွေမှာ မနေဖို့၊ ဆွေမျိုး တွေအိမ်မှာပဲ နေဖို့မှာတယ်။ ဆွေမျိုးတွေလည်းမရှိတော့ အတော်ခက်ခဲကြတာပေါ့”

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်မှာ ခံစစ်အထပ်ထပ်ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း စစ်တွေမြို့နယ်က ကျေးရွာတစ်ဆယ်ကျော်ကို မြို့ပေါ်ကို ဖိအားပေး ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တွေမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွေနဲ့ ရပ်ကွက်တွေထဲ မကြာခဏ ဧည့်စာရင်းစစ်တာနဲ့ မသင်္ကာရင် ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ ရွှေပြားရပ်ကွက်နဲ့ ကမ်းနားလမ်း အနီးတစ်ဝိုက်က ဒေသခံ ခုနစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ အပါအဝင် သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ မြို့နယ် ခုနစ်မြို့နယ်ကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။