ရခိုင်ဒုက္ခသည် နောက်ဆုံး အသုတ် နေရာချမည်


2015.11.29
rakhine-refugees-restlement-620.jpg စစ်တွေမြို့၊ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်များကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အမှတ် ၃ ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၇၀ ကျော်ကို မင်းဂံရပ်ကွက် အတွင်းမှာ လုံးချင်းနေအိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးမယ် လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၂၀ ကျော်လောက်တန်ဖိုးရှိတဲ့ လုံးချင်းနေအိမ်တွေနဲ့ မကြာခင် နေရာချထားပေး ဖို့ ပြင်ဆင်နေတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

"စက်ရုံစု ၃ မှာရှိတဲ့ ဒုက္ခသည်အိမ်ထောင်စုတွေကို ကျနော်တို့ မင်းဂံဘက်နားလောက်မှာ နေရာလေးချ ပြီးဆောက်ပေးမယ့် အစီအစဉ်လေးတော့ရှိတယ်၊ အိမ်ထောင်စုပေါင်း ၂၂ လုံးရှိတယ်၊ အိမ်ထောင်စု ၁၆ဝ လောက်ရှိတယ်၊ ကျနော်တို့အရင်တုန်းက ဆောက်ခဲ့တုန်းက အိမ်တစ်လုံးကို ၄၅ သိန်း တန်လောက်ရှိတယ်၊ သိန်း ၅ဝ တန်လည်းရှိတယ်၊ ဒါပေမဲ့ သူတို့ဆောက်တာကတော့ ခန့်မှန်းခြေ ၂၄ သိန်းလောက်လို့တော့ ထင်ပါတယ်"

အဲဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်တွေမီးလောင် ဆုံးရှုံးခဲ့ရတဲ့သူတွေ ဖြစ်ပြီး အဲဒီကတည်းက စက်ရုံစုရပ်ကွက် အမှတ် ၃ ကယ်ဆယ်ရေးစခန်းမှာ အစိုးရက ၈ ခန်းတွဲ တဲတန်းလျားတွေနဲ့ ယာယီနေရာချ ထားပေးခဲ့တာပါ။

၂၀၁၂ ခုနှစ် ပဋိပက္ခတွေနောက်ပိုင်း ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေကို လုံးချင်း နေအိမ်တွေနဲ့ အစိုးရက ပြန်လည်နေရာချထားပေးခဲ့ရာမှာ အခု အိမ်ထောင် စုပေါင်း ၁၇၀ ကျော်ဟာ နောက်ဆုံး ကျန်ရှိနေခဲ့တဲ့ မိသားစုတွေဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေကို လာမယ့် နှစ်ဆန်းပိုင်းမှာ အပြီးနေရာချထားပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ မှီခိုနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကိုတော့ ပြန်လည်နေရာချထားခြင်းမပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြေပုံမြို့နယ်မှာ နိုင်ငံသားရရှိထားတဲ့ မွတ်စလင်တွေနဲ့ ကျောက်ဖြူမြို့က မွတ်ဟလင်ဒုက္ခသည်တွေကို အစိုးရ က ပြန်လည်နေရာချထားပေးဖို့ ကြိုးပမ်းခဲ့ရာမှာ မွတ်စလင် တွေက သူတို့ရဲ့ မူလမြေနေရာတွေမှာ ပြန်လည်နေရာ ချထားဖို့ တောင်းဆိုခဲ့ပြီး ရခိုင် တိုင်းရင်းသား တွေဘက်က ကန့်ကွက်မှုတွေရှိတာကြောင့် အဲဒီအစီအစဉ်ကို ယာယီရပ်နားထားရတယ်လို့လည်း ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။