ဗြိတိသျှ ပါလီမန်မှာ ပါတီ ၉ ခုက လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေ တာတွေအပေါ်မှာ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရေးကို ဗြိတိသျှအစိုးရအနေနဲ့ ထောက်ခံဖို့ လက်မှတ်ရေးထိုး တင်ပြလိုက်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရခိုင်ဒေသက အခြေအနေအပေါ် ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က တောင်း ဆိုထားတာပါ။ ဒီတောင်းဆိုမူဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလာအတွင်း မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ သတ်ဖြတ်ခြင်း ညှဉ်းပန်းခြင်း အစုအလိုက် အပြုံလိုက်ဖမ်းဆီးခြင်း စသဖြင့် လူသားဖြစ်တည်မှုကို ချိုးဖေါက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လစ်ဘရယ်ဒီမိုကရက်ပါတီက နိုင်ငံတကာရေးရာ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် Tom Brakeက ရိုဟင်ဂျာတွေဟာ အကြင်အနာကင်းစွာ ညှဉ်းပန်းနှိပ်စက်ခံရတာဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ မြန်မာစစ်တပ်ဟာ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတာဖြစ်ပါတယ်။
ဒါကြောင့် တကယ့်ကို လွတ်လပ်တဲ့ ကုလသမဂ္ဂကော်မရှင်တရပ်ဖွဲ့ပြီး အသေအချာ စုံစမ်းမူတွေလုပ်ဖို့ လိုအပ်နေ တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ချိုးဖေါက်ခဲ့တဲ့ မြန်မာစစ်တပ်ကို ဗြိတိသျှ အစိုးရက တစ်နှစ်ကို ပေါင်စတာလင် ၂ သိန်းခွဲလောက် အကုန်အကျခံပြီး လေ့ကျင်မှုတွေ လုပ်ပေးနေသေးတယ် လို့ ပြောပါတယ်။ ဒါကြောင့် ဗြိတိသျှအစိုးရအနေနဲ့ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ လူ့အခွင့် အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်တာကို အားပေးဖို့လိုတယ်လို့ ပြောသွားတယ်လို့ဆိုပါတယ်။ ဗြိတိသျှအစိုးရဟာ မြန်မာသမ္မတရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပဏာမအစီရင်ခံစာအရ ဒေသတွင်း လူအခွင့်အရေး ချိုးဖေါက်မှုတွေ မရှိဘူးဆိုတာ အပေါ်မှာလက်ခံပြီး လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ကို ကြောထောက်နောက်ခံပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူ Burma Campaign UK က Karin Valtersson က ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံက လူအခွင့်အရေးအခြေ အနေတွေ တိုးတက်ကောင်းမွန်ဖို့ ကမ္ဘာကို ဦးဆောင်ခဲ့ဖူးပေမဲ့ အခုအချိန်မှာ လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုမျိုးဖြစ်နိုင်တာမျိုးကို စုံစမ်းတာကိုတောင် ထောက်ခံခြင်း မရှိဘူးဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီစုံစမ်းမှုဟာ ဒေသရဲ့ ရေတိုရေရှည် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။