ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးကာလမှာ အသုံးပြုနိုင်ဖို့ အရန်ဆန် တန်သုံးထောင်ကို စစ်သင်္ဘော၊ ကုန်တင်သင်္ဘောတွေနဲ့ ပေးပို့နေတယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့ကြောင်း စစ်ကောင်စီလက်အောင်ခံ မြန်မာ့အလင်းသတင်းမှာ မေလ ၁၉ ရက် မနေ့ကဖော်ပြပါတယ်။
မုန်တိုင်းမစတင်ခင်ကတည်းက အရန်ဆန်တန်တစ်ထောင်နဲ့ တခြားလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ကြိုတင် စုဆောင်းထားခဲ့တာလို့ စစ်တွေမြို့ ပြည်နယ် စစ်ကောင်စီရုံးမှာ ပြုလုပ်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေးဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့တာလို့ဆိုပါတယ်။
အရန်ဆန်နဲ့ သတ်မှတ် အရေးပေါ်ပစ္စည်းတွေကို ထောက်ပံ့ဖြန့်ဝေရာမှာ အိမ်ထောင်စုတိုင်း ရရှိစေဖို့အတွက် တာဝန်ရှိသူတွေကို စနစ်တကျဆောင်ရွက်ဖို့ ပြောခဲ့တယ်လို့လည်း မြန်မာ့အလင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရေကောင်းရေသန့်ရရှိရေး၊ ဆက်သွယ်မှု အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေး၊ မုန်းတိုင်းဒဏ်ခံ အဆောက်အအုံတွေ ထပ်မံတည်ဆောက်ရေးနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့ မှာခဲ့တယ်လို့လည်း ဆိုပါတယ်။
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို စတင်ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပြည်နယ်တိုင်း ၁၁ ခုမှာ သေဆုံးသူ ၅၄ ဦးနဲ့ အဆောက်အအုံ နှစ်သိန်းနီးပါး ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မေလ ၁၉ ရက်နေ့မှာတော့ သေဆုံးသူစုစုပေါင်း ၉၇ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မြ၀တီသတင်းစာမှာ ထပ်မံသတင်းထုတ်ပြန် ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ပြည်နယ်နဲ့ တိုင်းခုနစ်ခုမှာ သေဆုံးသူ ၄၅၅ ဦးထိရှိနေပြီး တိုင်းနဲ့ပြည်နယ်လေးခုမှာ စိုက်ပျိုးမြေဧက ၄၂၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။