ရှမ်းလက်နက်ကိုင် ၂ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး RCSS ဘက်က ခုခံမှုမှအပ အပစ်ရပ်မည်


2019.03.21
rcss-ssa-622.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ တိုက်ပွဲ ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာ ခဲ့တာတွေကို ထောက်ရှုပြီး မတ်လ ၂၀ ရက်နေ့ မနေ့ကစလို့ ခုခံကာကွယ်တဲ့ အခြေအနေမှအပ အပစ်အခတ် ရပ်စဲထားမှာ ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

RCSS ဗဟို ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ မနေ့ကကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

SSPP နဲ့ RCSS တို့ ညီညွတ်ရေးအတွက် ဆွေးနွေးနေတဲ့ ကာလအတွင်း RCSS တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ ဒေသတွေမှာပဲ တပ်တွေချထားမှာဖြစ်ကြောင်းလဲ ပါရှိပါတယ်။

တဆက်တည်းမှာပဲ မတ်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့က နေပြည်တော်မှာ အမျိုးသားပြန်လည်သင်ြ့မတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၊ တပ်မတော်ညှိုနိုင်းရေးအဖွဲ့နဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၊ တပ်မတော်က အဆိုပြုလာတဲ့ ရှမ်းပြည်မြောက်ပိုင်းက ပဋိပက္ခတွေလျော့ချရေး၊ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် RCSS ၊ တပ်မတော်နဲ့ SSPP တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့အချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RCSS ပြောခွင့်ရသူတွေနဲ့ SSPP ဘက်ကိုပါ RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ RCSS တို့ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့ ကြားဝင်စေ့စပ်ပေးတဲ့ သံဃာတော်တွေ၊ ပြည်သူတွေအနေနဲ့ အစောတလျင် ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။