ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီတို့ တွေ့ဆုံမှုအတွင်း စစ်ကောင်စီဘက်က ထုတ်ပြောလာတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စအပေါ် ပြန်လည် မဆွေးနွေးခဲ့ဘူးလို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ဇူလိုင်လ ၁၃ ရက်မှာ RFA ကိုပြောပါတယ်။
“နိုင်ငံတော်ဘက်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဆိုတာမျိုး ထည့်ဆွေးနွေးတာပေါ့။ အဲဒါ ကျွန်တော်တို့ဘက်ကတော့ သဘောတူညီချက်တော့ မရသေးပါဘူး။ သူက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အဆင့်ဆိုတော့ ကျွန်တော်တို့အဖွဲ့က တစ်ဖွဲ့တည်း ဖြစ်နေသေးတော့ တခြား သဘောတူညီချက်တော့ မရှိသေးဘူး။ လက်ရှိအခြေအနေ အနေအထားအရပေါ့လေနော်”
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပလိုတယ်ဆိုတာကိုသာ ပြောဆိုပြီး ဘယ်တော့ကျင်းပလိုမယ် ဆိုတာမျိုးကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးတဲ့ ကိစ္စတွေမှာလည်း NCA စာချုပ်ပါအချက်အတိုင်း ပြင်ဆင်နိုင်ရေးကို ကနဦး သဘောတူထားပေမယ့် ဘယ်လို အချက်အလက်တွေကို ပြင်ဆင်မယ်ဆိုတာကိုတော့ လေ့လာနေတုန်းပဲလို့ ဒုတိယဗိုလ်မှူး အုမ်ခေးက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ RCSS နဲ့ တွေ့ဆုံမှုအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ယခင် ဆွေးနွေးပွဲတွေမှာ သဘောတူညီထားတဲ့ အချက်တွေနဲ့ ဒေသတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစတဲ့ အချက်တွေအပြင် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အခုလ ၁၂ ရက်နေ့နဲ့ ၁၃ ရက် နေ့ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။
တွေ့ဆုံမှုကို ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ နေပြည်တော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အမျိုးသားညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နဲ့ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်သလို RCSS ဘက်ကတော့ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး စဝ်ဆောင်းဟန်၊ ဗဟိုဦးစီးကော် မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖော်ပြပါတယ်။
ထိုင်းနယ်စပ် လွယ်တိုင်းလျန်းအခြေစိုက် RCSS တပ်ဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဆယ်ဖွဲ့ ရှိခဲ့ပြီး အဲဒီထဲက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS/SSA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- PC ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ မွန်ပြည်သစ်ပါတီ NMSP အဖွဲ့တွေကြား စစ်ကောင်စီနဲ့ အခုလို မကြာခဏ တွေ့ဆုံဆွေးနွးမှုတွေ ရှိနေတာပါ။
ကျန်သုံးဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့တွေကတော့ လူထု တော်လှန်ရေးမှာ ပါဝင်နေပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။