ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကြေညာချက်ထုတ်ပြန်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျဲန်းမှာ ဇန်နဝါရီ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ပြီးနောက် RCSS ရဲ့ သဘောထားကို ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အခြားလုပ်ငန်း အခြေအနေတွေကို RCSS ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို အာဆီယံအနေနဲ့ အလေးအနက်ထားပြီး ကြားဝင်ဖြေရှင်းပေးဖို့ကိုလည်း RCSS က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Alounkeo Kittikhoun နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာလည်း RCSS ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို NCA လက်မှတ်ထိုးထားတဲ့ထဲက တိုင်းရင်းသားလက်ကိုင်အဖွဲ့တချို့မတက်ရောက်တော့ပေမဲ့ RCSS အဖွဲ့က အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်နေပါတယ်။ ဒါ့အပြင် ကာလကြာရှည်တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော် (SSA) အဖွဲ့နဲ့လည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။
RCSS ထိန်းချုပ်နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့၊ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ ပိတ်ပင်တားဆီးရေးနဲ့ လူကုန်ကူးမှု တားဆီးရေးလုပ်ငန်းတွေ ကြိုးပမ်းသွားမယ်လို့လည်း ၂၉ ရက်နေ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။