ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့သီပေါမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တပ်တွေ တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် ဒေသခံ ၃၀၀ လောက် ကျေးရွာတွေကို စွန့်ခွာထွက်ပြေးနေကြပါတယ်။
သီပေါမြို့နယ် အုံမုကျေးရွာအုပ်စုအနီးမှာ မေလ ၁ရက်နေ့က နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့သီပေါမြို့နယ် အုံမုကျေးရွာအုပ်စု ပန်ခါးရွာက ကိုကျော်လူ က ပြောပါတယ်။
"အလုပ်လည်း မလုပ်ရဲဘူး ရွာနားမှာ ဗုံးတွေချတာ နေ့တိုင်းကြားရတယ်၊ လမ်းက တစ်လမ်းပဲရှိတယ်၊ တကယ် တိုက်ပွဲအကြီးအကျယ်ဖြစ်နေတာ၊ သူတို့လမ်းပိတ်လို့ ထွက်လို့မရဘူးရင် ကိုယ်ပဲခံရမှာ"
အုံမုကျေးရွာအုပ်စု ပန်ခါးကျေးရွာက ဒေသခံ ၃၀၀ ဝန်းကျင်လောက် ထွက်ပြေးလာကြတာဖြစ်ပြီး သီပေါမြို့ရတ နာရွှေဂူကျောင်းမှာ ဒုက္ခသည် ၂၀၀ ဝန်းကျင်လောက်နဲ့ ဘော်ကြိုကျေးရွာကိုလည်း ရောက်ရှိနေကြပါတယ်။
တချို့ကတော့ လမ်းမှာလာနေကြတုန်းဖြစ်တယ်ပြီး အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဖြစ် ပါတယ်။
ဒုက္ခသည်တွေအများစုဟာ ပလောင်တိုင်းရင်းသားတွေဖြစ်ပြီး သူတို့တွေရဲ့ကျေးရွာတစ်ဝိုက် RCSS တပ်တွေ က နေရာယူထားသလို TNLA တပ်တွေက RCSS တပ်တွေ နေရာယူထားတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ပြောပါတယ်။
ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေထဲက ၅၀ ဝန်းကျင်လောက်ကတော့ ဒီကနေ့မနက်မှာ ကျောက်မဲမြို့ နမ့်စလင်းကျောင်းတိုက်မှာ ခိုလှုံနေကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ကျောက်မဲမြို့နယ် တော့ဆန်နဲ့ညောင်မောင်းကျေးရွာနားတဝိုက်မှာ RCSSနဲ့TNLAတပ်တွေဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒုက္ခသည် လေးထောင် ဝန်းကျင်လောက် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးခဲ့ကြရပြီး နေရပ်ပြန်သွားတာ ၂လ ဝန်းကျင်သာ ရှိပါသေးတယ်။
