ရန်ကုန်၊ မန္တလေး အိမ်ခြံမြေစျေးကွက် နှစ်သောင်းဂယက်ကြောင့် အရောင်းရပ်
2023.07.26
စစ်ကောင်စီက ကျပ်နှစ်သောင်းတန်ကို ဇူလိုင်လကုန်မှာထုတ်မယ်လို့ ကြေညာလိုက်ပြီး နောက်ပိုင်း အိမ်ခြံမြေစျေးကွက်မှာ လက်ကြီး၊ လက်သေး အရောင်းအဝယ်သမား အားလုံးနီးပါး အရောင်းအဝယ်ရပ်ထားရတယ်လို့ ရန်ကုန်နဲ့ မန္တလေး အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
ဗဟိုဘဏ်ကနေ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို အခုလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှ ကြေညာပြီးနောက်ပိုင်း အိမ်ခြံမြေဝယ်ယူလိုသူတွေ ပိုများလာပေမယ့် ရောင်းမယ့်သူတွေက အိမ်နဲ့ခြံတွေကို ပြန်ကိုင်ထားကြတာလို့ ဆိုပါတယ်။
ဒါ့အပြင် အိမ်ခြံမြေရောင်းမယ့်သူတွေဟာ စျေးနှုန်းတွေကိုပါ မြှင့်ခေါ်နေတာကြောင့် လက်ရှိမှာ စျေးတည်ငြိမ်မှုမရှိဘူးလို့ ပြောပါတယ်။
ပုံမှန် ကျပ်သိန်းတစ်ထောင်ရှိတဲ့အိမ်တွေဟာ လက်ရှိကျပ်သိန်း ၁၅၀၀၊ ၁၆၀၀ ထိ စျေးပြောင်းခေါ်နေကြသလို သိန်း ၁၂၀၀၀ စျေးခေါ်ထားတဲ့ အိမ်ခြံမြေကွက်တွေလည်း သိန်း ၁၅၀၀၀ ထိ စျေးပြောင်းခေါ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးအခြေစိုက် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
"နှစ်သောင်းဂယက်နဲ့ ကျွန်မတို့ အိမ်ခြံမြေသမားတွေလည်း အလုပ်လုပ်လို့ မကောင်းတော့ဘူးရှင့်။ ဝယ်လက်ကကြိုက်လိုက် အကုန်ပိတ်တယ်။ ပိတ်တယ်။ စျေးပြောင်းတယ် အဲလိုမျိုး။ မတန်တဆတွေ စျေးခေါ်တယ်။ အရောင်းပိတ်တာ များနေတာ။ ကျွန်မတို့လည်း အလုပ်ကိုမလုပ်ချင်တော့ဘူး။ ဝယ်လက်တွေက များနေတာ။ အကုန်လုံး ရောင်းမယ့်အိမ်တွေက ခဏပိတ်ထားမယ်တဲ့။ ဘာမှန်းမသိလို့ ဆိုပြီး ငွေမကိုင်ရဲကြတော့တာ။ စျေးပြောင်းခေါ်ပေမယ့် တကယ်တမ်း စျေးဆိုင်တော့မယ်ဆိုရင် အရောင်းခဏရပ်ဦးမယ် ဖြစ်သွားတယ်"
ရန်ကုန် အိမ်ခြံမြေစျေးကွက်ထဲမှာလည်း လက်ကြီးသမားတချို့သာ ပုံမှန်ထက် အမြင့်စျေးတင်ပြီး ရောင်းချမှုရှိနေပေမယ့် အများစုက အရောင်းအဝယ်မဖြစ်ဘူးလို့ အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
"ဗိုက်နာလို့ ရောင်းသူတချို့ပဲရှိတယ်။ စျေးတင်ပြီးပေါ့။ ကျန်တာကတော့ အားလုံး လန့်နေတော့ အရောင်းရပ်သွားတယ်။ ကျွန်တော့ဆီမှာဆို အရောင်းပိုင်းအပ်ထားတာ သိန်းထောင်ကျော်ထဲက ငါးခုရှိတယ်။ အခု ပြန်ဆုတ်သွားပြီ။ စောင့်ကြည့်မယ်ပေါ့ ဒီလိုမျိုး။ လကုန်ရင် ဒီထက် အခြေအနေထူးမလား၊ ဆိုးမလား စောင့်ကြည့်မယ့် သဘောပေါ့။ တိုက်ခန်းပိုင်းဆိုရင်လည်း ဒဂုံဆိပ်ကမ်းဘက်၊ တိုက်သစ်ပိုင်းတွေမှာဆိုရင် အရင်က သိန်းနှစ်ရာကျော်၊ သုံးရာပေါက်တာ၊ အခု ၄၅၀ စျေးခေါ်တယ်။ ဒါတောင် ရောင်းချင်သူနည်းတယ်"
ကျပ်နှစ်သောင်းတန် အခြေအနေကို အိမ်ခြံမြေလုပ်ငန်းတင်မကဘဲ ရွှေ၊ ကားအပါအဝင် စျေးကွက်အားလုံးက သတိထား စောင့်ကြည့်နေကြတယ်လို့ သူက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်မှာတော့ ကျပ်နှစ်သောင်းတန်သတင်းကြောင့် အရောင်း ပိတ်တာမရှိသလို ဝယ်သူတွေကလည်း လုဝယ်တဲ့အနေအထား မရှိသေးတဲ့အတွက် အိမ်ခြံမြေစျေးကွက် ပုံမှန်လည်ပတ်နေတယ်လို့ ဘားအံမြို့အခြေစိုက် အိမ်ခြံမြေ လုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ငွေစက္ကူ နှစ်သောင်းတန် ဟာ အလုံးအရင်းနဲ့ ထုတ်မှာမဟုတ်တဲ့အပြင် ငွေစက္ကူအဟောင်းတွေနဲ့ ပြန်လဲမှာ ဖြစ်တာကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV ကနေ ဇူလိုင် ၂၄ ရက်နေ့မှာ ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ နှစ်သောင်းတန်ကြောင့် မြန်မာငွေတန်ဖိုးကျသွားနိုင်တယ်လို့ ပြောထားသလို စီးပွားရေး လေ့လာသူတွေကလည်း ငွေကြေးဖောင်းပွပြီး ပြည်သူတွေ အခက်အခဲဖြစ်မယ်လို့ သုံးသပ်ထားကြပါတယ်။