ဝိုင်းမော်မြို့ ရှအစ်ယန်ဒုက္ခသည်စခန်းမှာ အနွေးထည်နဲ့စောင်တွေ လိုအပ်နေ

2023.01.24
ဝိုင်းမော်မြို့ ရှအစ်ယန်ဒုက္ခသည်စခန်းမှာ အနွေးထည်နဲ့စောင်တွေ လိုအပ်နေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှအစ်ယန် (Sha it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဌာနချုပ်ဟောင်း နေရာ ပါဂျောင်အနီးက ရှအစ်ယန် (Sha it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ အရမ်း အေးတာကြောင့် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက ပြောပါတယ်။

အဲဒီနေရာဟာ နှင်းကျပြီး အေးတဲ့ဒေသဖြစ်သလို နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ မနက်အစောပိုင်း ရေခဲတဲ့အထိ အေးတာကြောင့် ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေ အတွက် အနွေးထည်နဲ့ စောင်တွေ လိုအပ်နေတာလို့ ဦးမဝိုင်အောင်ဒီးက RFA ကို ပြောပါတယ်။

"သူများတွေထက်တော့ ကျနော်တို့က တော်တော်လည်း အေးလည်းအေးတော့ ကလေးတွေ အသက်ကြီးတဲ့ အဖိုးအဖွားတွေက နေ့လယ်ခဏပဲနွေးပြီး တစ်နေကုန် တော်တော်အေးတော့ အနွေးထည်တွေ၊ စောင်တွေ တော်တော်ခက်ခဲကြတာပေါ့။ ထင်းတွေလည်း မီးလှုံရတယ်၊ ထင်းကောက်မယ့် နေရာတွေလည်း မရှိလာတော့ ကျနော်တို့အတွက် ဆောင်းတွေမှာက နေရတာအဆင်မပြေဘူး။ သူများတွေထက်တော့ ပိုပြီးခက်ခဲတယ်လို့ ခံစားရတာပေါ့"

အနွေးထည်မရှိတဲ့ တချို့ကျောင်းသားတွေ ဒီအတိုင်းပဲ ကျောင်းလာနေကြရတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာရှိတဲ့ အလယ်တန်းကျောင်းဆရာတစ်ဦးက RFA ကို ပြောပါတယ်။

"အနွေးထည် သိပ်မရှိကြတော့ဘူး။ ကျောင်းလာတာ တချို့က အနွေးထည်တောင် မဝတ်ဘူး။ အရင်ကတော့ အကူအညီတွေ လာပေးတယ်။ အခုနောက်ပိုင်း သိပ်မလာ တော့ဘူး။ ဝယ်ဝတ်ဖို့လည်း ဒီမှာကစျေးကြီးတယ်"

ရှအစ်ယန် စစ်ဘေးဒုက္ခသည်စခန်းမှာ ရွာပေါင်း ၂၀ ခန့်က စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော် နေထိုင်ကြပါတယ်။

အဲဒီစခန်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ကစပြီး ကချင်မှာပြန်ဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ရွာပေါင်း ၂၀ ခန့်က စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော် နေထိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။