ကန့်ဘလူမှာ လေကြောင်းရန်သတင်းကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2023.06.04
ကန့်ဘလူမှာ လေကြောင်းရန်သတင်းကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် လွတ်လပ်ရေးနေ့အခမ်းအနားတွင် စစ်ရေးပြနေသည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။
STR / AFP

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မယ်လို့ သတင်းထွက်နေတာကြောင့် ဇွန်လ ၄ ရက်ရွာနှစ်ရွာက ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စု တစ်ထောင်ဝန်းကျင်ရှိတဲ့ ကျောက်တိုင်ရွာနဲ့ အိမ်ထောင်စု သုံးရာဝန်းကျင် ရှိတဲ့ ကျီစုရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နိုင်တဲ့သတင်းရတာကြောင့် ဒေသခံတွေကို ကြိုရှောင်ခိုင်းထားတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"စကစကို လှမ်းပြီးတော့ လေကြောင်းပစ်ကူ အကူအညီတောင်းတယ်ပေါ့။ ကျီစုက ကုလားသင်္ချိုင်းမှာ PDF တွေ ရောက်နေတယ်ဆိုပြီး လှမ်းခေါ်ထားတယ်လို့ သတင်းရတယ်"

ကန့်ဘလူအစပ် ရေဦးမြို့နယ်ထဲက ပျူစောထီးရွာတစ်ရွာဖြစ်တဲ့ အောင်သာယာရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် အခုလို လေကြောင်းတိုက်ခိုက်နိုင်တဲ့ သတင်းရရှိတာလို့ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်အလင်းသစ်သုတေသနအဖွဲ့ရဲ့ မေလ ၂၂ ရက် ထုတ်ပြန်တဲ့အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နဲ့ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၅၃၄ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။