ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ချင်းရွှေဟော်မြို့ တစ်ဖက်ကမ်း တရုတ်နိုင်ငံ မိန်းတိန်မြို့ကို ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ငါးထောင်နီးပါး စားစရာနဲ့ သောက်သုံးရေ မရတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ ရောက်နေသူတွေရဲ့ မိသားစုဝင်တချို့က နိုဝင်ဘာလ ၂ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
တိုက်ပွဲတွေ စဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဒီနေ့အထိ ရေသန့်ဘူးသေး နှစ်ဘူးသာ ပေးထားပြီး စားစရာ ထွက်ဝယ်ဖို့ တရုတ်အာဏာပိုင်တွေက ခွင့်မပေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နိုဝင်ဘာလ ၂ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာတော့ စားစရာနဲ့ ရေရဖို့ ဒုက္ခသည်တွေ စုပေါင်းပြီး တရုတ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြတယ်လို့ အဲဒီဒုက္ခသည်စခန်းမှာ ရောက်နေသူတွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ကိုသက်နိုင်က ပြောပါတယ်။
“ဒုက္ခသည်တွေကို ထောင်သားတွေလိုထားပြီး ရေနဲ့စားစရာ လုံလုံလောက်လောက် မပေးဘူး။ ပြီးတော့ လူငါးထောင်လောက်မှာ အိမ်သာက နှစ်လုံးတည်းနဲ့ အဆင်မပြေဘူး။ အဲဒါ ဒီနေ့စုပြီး တောင်းဆိုကြတာ။ ကျွန်တော့်မိသားစုတွေ အကုန်လုံး အဲဒီမှာရှိနေတာ။ အတော်ဒုက္ခရောက်နေပြီ”
စားစရာနဲ့ ရေရဖို့ ဒုက္ခသည်တွေက တောင်းဆိုနေချိန်မှာပဲ တရုတ်စစ်သားတွေ ရောက်လာပြီး အခြေအနေတွေကို ညှိနှိုင်းထိန်းသိမ်းခဲ့တယ်လို့ သူကဆိုပါတယ်။
စားစရာ လာလှူတဲ့သူတွေကိုလည်း ဒုက္ခသည်စခန်းမှာ စောင့်နေတဲ့ တရုတ်အာဏာပိုင်တွေက ဝင်ခွင်မပြုဘူးလို့ ကိုသက်နိုင်က ပြောပါတယ်။
ဒီကိစ္စတွေအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
ဒုက္ခသည်တွေအရေး စစ်ကောင်စီဘက်က ဆောင်ရွက်ပေးနေမှု အခြေအနေတွေကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
လက်ရှိ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ သူတို့အနေနဲ့ မြို့ကို ထိန်းချုပ်ထားနိုင်တာဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်လာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် UWSA “ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်ဒေသမှာ ဒုက္ခသည် တစ်သောင်းဝန်းကျင်၊ တရုတ်နိုင်ငံ မိန်းတိန်မြို့ထဲမှာ ဒုက္ခသည် ငါးထောင်ဝန်းကျင်နဲ့ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ မုံးကိုး စတဲ့မြို့တွေမှာ ဒုက္ခသည် ငါးထောင်ကျော် စုစုပေါင်း ဒုက္ခသည် နှစ်သောင်းကျော်ထိ ရှိနေပါတယ်။
တိုက်ပွဲဖြစ်ရာ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေလို့ ဒုက္ခသည်အတွက် အကူအညီတွေ မရကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်နဲ့ လောက်ကိုင်ဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး အားလုံး ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။