ဖားကန့်မြို့နယ်မှာ စစ်ဆင်ရေးကြောင့် ဒေသခံ ခုနစ်ရာခန့် တိမ်းရှောင်နေရ

RFA Burmese
2023.11.24
ဖားကန့်မြို့နယ်မှာ စစ်ဆင်ရေးကြောင့် ဒေသခံ ခုနစ်ရာခန့် တိမ်းရှောင်နေရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုဏ်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်‌ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က မှော်ရှန်ဘုန်းကြီးကျောင်းတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာအနီးမှာရှိတဲ့ နန့်ပုတ်နဲ့ ပင်းရံခ ရွာနှစ်ရွာက ဒေသခံတွေကို ညတွင်းချင်း ရွှေ့ပေးဖို့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) တို့က နိုဝင်ဘာ ၂၃ ရက်နေ့က ပြောဆိုလာတာကြောင့် ဒေသခံ ခုနစ်ရာခန့် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်မှာဖြစ်လို့ ည ၁၂ နာရီမကျော်ခင် ပြောင်းရွှေ့ပေးကြဖို့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) တို့က ပြောလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"၁၂ နာရီအတွင်းကို ဖယ်ပေးပါ၊ သူတို့ လေကြောင်းတိုက်ခိုက်မှုလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တော့ ညတွင်းချင်း ဖယ်ပေးရတယ်။ နန့်ပုတ်မှာဆိုရင် SNA က လာပြောတာ စစ်ကြောင်းထိုးမှာမလို့ ရွာကို ဖယ်ပေးပါဆိုပြီး ည ၁၂ နောက်ဆုံး ထားပြီးတော့ ဘုန်းကြီးကျောင်းမှာနေတာလည်း မမြင်ချင်ဘူးဆိုပြီး တစ်ရွာလုံးကို ရှောင်ခိုင်းတာ"

အခုတိမ်းရှောင်ရတဲ့ ရွာနှစ်ရွာဟာ ဆယ်ဇင်းနဲ့ မိုင်ဝက်ဝန်းကျင်ဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) ပူပေါင်းတပ်စခန်း သုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်း အဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကို လုပ်နေတယ်လို့ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်ပြီးတဲ့နောက် နိုဝင်ဘာ ၂၀ ရက်နေ့ကစပြီး လက်နက်ချပူးပေါင်းလာတဲ့ ရှမ်းနီတပ် (SNA) အဖွဲ့ဝင် ငါးဦးရှိပြီလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ SNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းတွေစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။