ဒုက္ခသည်ကူညီရေးအစီအစဉ်ရပ်ဆိုင်းလို့ "ဝ" ဒေသက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်

"၀" တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်တစ်မြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
"၀" တပ်ဖွဲ့ ထိန်းချုပ်သည့် နမ့်တစ်မြို့အဝင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က ဒုက္ခသည်ကူညီရေးအစီအစဉ်တွေ ရပ်ဆိုင်းလိုက်တာကြောင့် "ဝ" ဒေသမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဇန်နဝါရီလ ၁၅ ရက်ကစလို့ နေရပ်ပြန်နေကြပြီလို့ UWSP အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲကျော် "ဝ" ဒေသမှာ ဝင်ရောက်ခိုလှုံနေတာပါ။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တွေ ဆွေးနွေးပွဲသုံးကြိမ် ပြုလုပ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာတော့ ယာယီအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

အဲဒီနောက် ဒေသတွင်းတည်ငြိမ်လာတာကြောင့် ဒုက္ခသည်ကူညီရေးအစီအစဉ်တွေကို ဇန်နဝါရီလ ၁၅ ရက်ကစလို့ ရပ်ဆိုင်းမယ်လို့ "ဝ" တပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဒါကြောင့် ဒုက္ခသည်တွေ မူလနေရပ်ကို ပြန်နေကြတယ်လို့ UWSP ဝတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပေါ့နော်၊ မနေ့ကစပြီး ကျွန်တော်တို့ ထောက်ပံ့ကူညီမှုတွေ ရပ်ပြီပေါ့နော်။ တော်တော်များများလည်း ပြန်သွားတာတွေလည်း ရှိပါတယ်။ ကျန်ရှိတဲ့သူတွေကတော့ ကိုယ့်စရိတ်နဲ့ အိမ်ငှားနေတာ၊ ဆိုင်ခန်းဖွင့်တာတို့ အဲလိုလည်း ရှိတယ်ပေါ့နော်"

ပြန်သွားတဲ့သူနဲ့ ကျန်နေတဲ့သူတွေရဲ့ စာရင်းကို အသေးစိတ်ကောက်ယူထားတာမျိုး မရှိတဲ့အတွက် အတိအကျတော့ မပြောနိုင်သေးဘူးလို့ "ဝ" တပ်ဖွဲ့အရာရှိက ပြောတယ်။

ဒုက္ခသည်အများစုဟာ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံ၊ ဟိုပန်၊ ကုန်းကြမ်းမြို့နယ်တွေ က ဒေသခံတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ်။ သူတို့ဟာ UWSP "ဝ" တပ်ဖွဲ့ ထိန်းချုပ်တဲ့ နမ့်တစ်မြို့အတွင်း ဝင်ရောက် ခိုလှုံခဲ့ကြပါတယ်။